မာချာပီချူးရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ သစ်ပင်တစ်သန်း ပီရူးနိုင်ငံက စိုက်ပျိုး

၁၀ ဇန်နဝါရီ

 

ပီရူးသမ္မတ မာတင် ဗစ်ကာရာ က မာချာပီချူးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာ မြေပြိုခြင်းနဲ့ တောမီးလောင်ခြင်းတွေကို ကာကွယ်နိုင်ရန် သစ်ပင် တစ်သန်း စိုက်ပျိုးရန်  မနေ့(ကြာသပတေးနေ့) က စတင်လိုက်ပါတယ်။

 

မာချာပီချူး ဒေသဟာ တောင်အမေရိကရဲ့ မြောက်ပိုင်းမှာ တည်ရှိပြီး  စိုက်ပျိုးရေး၊ နေထိုင်ရေးနဲ့ ဘာသာရေးပွဲတော်အတွက် အရေးပါတဲ့ နေရာဖြစ်ပါတယ်။ ဒီဒေသဟာ လွန်ခဲ့တဲ့ ၁၆ ရာစု စပိန်နိုင်ငံက မကျူးကျော်ခင် နှစ်ပေါင်း ၁၀ဝ လောက်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ မာချာပီချူးဒေသမှာ ဆောင်းရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြေပြိုနိုင်သလို နွေရာသီတွင် တောမီးလောင်ခြင်း ဖြစ်နိုင်တဲ့ ဒေသဖြစ်ပါတယ်။

 

ပီရူးသမ္မတ ဗစ်ကာရာက ဟက်တာ ၃၅,ဝ၀ဝ ကျယ်ဝန်းတဲ့ မာချာပီချူးယဉ်ကျေးမှုနယ်မြေမှာ အပင်ပေါင်း တစ်သန်း စိုက်ပျိုးပြီး ကာကွယ်မယ်။ ဒီအံ့အားသင့်စရာကောင်းတဲ့ ကမ္ဘာလေးကို ကာကွယ်ရေးဟာ အစိုးရ၊ နယ်မြေခံစည်ပင်သာရေးအဖွဲ့နဲ့ နိုင်ငံသားအားလုံးရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ သစ်ပင်စိုက်ပျိုးအပြီးမှာ ပြောကြားပါတယ်။

 

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနကလည်း သစ်ပင်တွေပဲ ကာကွယ်ပေးရမှာမဟုတ်ဘဲ မာချာပီချူးဒေသ အတွင်းမှာနေထိုင်တဲ့ တိရစ္ဆာန်မျိုးစိတ်တွေနဲ့ ပန်းမန်မျိုးစိတ်တွေပါ ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် မေလမှာ ပီရူးနိုင်ငံက မာချာပီချူး ဒေသရှိ အဓိက နေရာသုံးနေရာကို တားမြစ်လိုက်ပါတယ်။ အဲဒီသုံးနေရာကတော့ သည်ဆန်းကျောင်းတော်(Temple of the Sun) ၊ ကွန်ဒေါကျောင်းတော်(Temple of the Condor) နဲ့   အင်တီဟွေတနာ ကျောင်းတုံး (Intihuatana Stone) လို့သိရပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး လာရောက်လည်ပတ်သူအရေအတွက်ကိုလည်း တစ်နေ့လျှင် လူပေါင်း ၆၀ဝ၀ သာ အသွားအပြန်လမ်းအတွက် ကန့်သတ်လက်ခံခဲ့ပါတယ်။

 

မာချာပီချူးရဲ့ အဓိပ္ပါယ်မှာ ဒေသခံ ကာချူးဘာသာစကားအရ သက်တမ်းရင့်တောင်လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီတောင် နဲ့ ဒေသဟာ အင်ကာ အင်ပါယာ ပီချူးတီ (၁၄၃၈-၁၄၇၁) လက်ထက်တွင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီဒေသကို အမေရိကန်နိုင်ငံသား ဟိုင်ရမ် ဘရင်းဟမ်က ၁၉၁၁ ခုနှစ်မှာ ရှာဖွေတွေရှိခဲ့ပြီး ယူနစ်စကိုကနေ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ် ၁၉၈၃ ခုနှစ်တွင် သတ်မှတ်ခဲ့ပါတယ်။

 

MDN

ကိုးကား - AFP