မာလီအလယ်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကျဆုံး

ဘာမာကို ဒီဇင်ဘာ ၁၀

မာလီအလယ်ပိုင်းတွင် ဒီဇင်ဘာ ၈ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်က တွစ်တာတွင် ဖော်ပြခဲ့သည်။

Douentza နှင့် Sevare နှစ်မြို့ကြားတွင် ထောက်ပံ့ပို့ဆောင်ရေးယာဉ်တန်း တိုက်ခိုက်ခံရခြင်းဖြစ်သည်။ အဆိုပါဒေသရှိ အုပ်စုများသည် အယ်လ်ကေဒါးနှင့် အိုင်အက်စ်အဖွဲ့တို့နှင့် ဆက်နွယ်လျက်ရှိသော်လည်း အဆိုပါ တိုက်ခိုက်မှုသည် မည်သူမည်ဝါ၏ လက်ချက်ဖြစ်ကြောင်း မသိရသေးချေ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အဆိုပါတိုက်ခိုက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချထားကြောင်း ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။

တိုက်ခိုက်သူများကို မှန်ကန်သည့် တရားစီရင်မှုများ ပြုလုပ်နိုင်ရန် မာလီအာဏာပိုင်များကို ၎င်းက တိုက်တွန်းလိုက်သည်။

မာလီသည် အာဖရိက၏ အကြီးဆုံးနှင့် ဆင်းရဲတွင်းအနက် ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အကြမ်းဖက်မှုများကို ထိန်းသိမ်းရန် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၁၃၀၀၀ ကျော်ကို ဖြန့်ကြက်ချထားကြောင်း သိရသည်။

ဆင်ဟွာ