မာလကာသီးဈေးကွက် ကောင်းမွန်သောကြောင့် စိုက်ပျိုးသူများအဆင်ပြေ

ပုဗ္ဗသီရိ ၁၇ နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မာလကာသီးနှုန်းနှင့် ဈေးကွက်ကောင်းမွန်သောကြောင့် မာလကာစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မာလကာပင်ကို စိုက်ပျိုးရာ၌ အစေ့ပေါက်ပျိုးပင်နှင့် ကိုင်းကူးပျိုးပင်ဟူ၍ နှစ်မျိုးစိုက်ပျိုးနိုင်ကာ ကိုင်းကူးပျိုးပင်မှာ ပို၍အသီးမြန်ပြီး အထွက်နှုန်းလည်း ပိုကောင်းကြောင်း၊ တစ်ဧကတွင် တစ်ပင်နှင့်တစ်ပင် ခုနစ်ပေခြား စိုက်ပျိုးမည်ဆိုပါက အပင် ၄၅၀ ထိ စိုက်ပျိုးနိုင်ပြီး ခြောက်ပေခြား စိုက်ပျိုးပါက အပင် ၅၀၀ အထိ စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး ရှစ်လခန့်အကြာတွင် တစ်ဧကလျှင် အလုံးရေ ၁၀၀၀ မှ ၁၅၀၀ အထိ စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်းနှင့် နှစ်နှစ်ခန့်ရှိပါက အလုံးရေ ၂၀၀၀၀ မှ ၂၅၀၀၀ အထိ နေ့စဉ်ခူးဆွတ်ရောင်းချနိုင်ကြောင်း ဥယျာဉ်ကျေးရွာမှ မာလကာစိုက်တောင်သူ ဦးမင်းမင်းဇော်က ပြောသည်။

မာလကာသီးများကို အဓိကအားဖြင့် တပ်ကုန်း၊ ရေနီ၊ ရေတာရှည်၊ တောင်ငူ စသည့်မြို့နယ်များသို့ တင်ပို့ရောင်းချနိုင်သော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် နေပြည်တော်အတွင်း၌သာ ရောင်းချနေရကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် ၁၈၀ ကျပ်မှ ၂၀၀ ကျပ်အထိ ရောင်းချနေရပြီး တစ်ရက်လျှင် ငွေကျပ် ၄၅၀၀၀ မှ ၅၀၀၀၀ အထိ ပုံမှန်ဝင်ရောင်းချရသောကြောင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)