မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံ မွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ


နေပြည်တော်၊ မေ  ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့်  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်း မဟာမင်္ဂလာ  အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။

အခမ်းအနားသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါ စရိယ  ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ပူဇော်ကြ သည်။

 

mdn

 

ဦးစွာအခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး ဆရာတော်ကြီးများက မေတ္တာပြု ဂါထာတော်များကို ရွတ်ဆို၍ မေတ္တာပွားများ ပူဇော် ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ် ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်အဖြစ် စီသွင်းပူဇော် မည့် စိန်ရတနာများကို သက်တော်ထင်ရှား သဗ္ဗညုဘုရားရှင်အားရည်မှန်းပြီး ပါဠိ ဆရာတော်ကြီးထံ  သာဟတ္ထိကဒါနမြောက် ကိုယ်တိုင်လက်ရောက် ဆက်ကပ်လှူဒါန်း ပူဇော်ကြကာ ပါဠိဆရာတော်ကြီးက ချီးမြှင့်တော်မူသည့် ဥဏ္ဏလုံမွေးရှင်တော်ဆိုင်ရာ ဓမ္မကထာကို နာယူတော်မူကြပြီး ဥဏ္ဏလုံမွေးရှင်တော် လက္ခဏာတော် ဘုရားရှိခိုး လင်္ကာကို ရွတ်ဆိုပူဇော်၍ သာဓုအနုမောဒနာခေါ်ဆိုကြသည်။ 

 

mdn

 

ယင်းနောက် ပါဠိဆရာတော်ကြီးနှင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့သည် ဥဏ္ဏလုံမွေးရှင်တော် စီသွင်း ပူဇော်မည့် မင်္ဂလာနေရာသို့ တက်ရောက်နေရာယူကြသည်။ ထိုသို့ မင်္ဂလာနေရာသို့ တက်ရောက်နေရာယူစဉ် အခမ်းအနားမှူးက ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်း မဟာမင်္ဂလာအခါတော် စာတမ်းကိုဖတ်ကြားပူဇော်သည်။

မင်္ဂလာအချိန်တွင် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေး ရှင်တော်နေရာ၌ ၃ ကီလိုဂရမ်ရှိ သန့်စင်သည့်သလင်းကျောက်ကြီးတစ်ပွင့်၊ စိန်ပွင့်ကြီး ၂ ပွင့်နှင့် စိန်ပွင့်ငယ် ၄၄ ပွင့်တို့ကို ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်သည်။ ထိုသို့ထည့်သွင်းပူဇော်စဉ် အခမ်းအနားမှူးက သက္ကတွာ သုံးဂါထာနှင့် မာရဝိဇယဗုဒ္ဓပူဇာ အာသီသပတ္ထနာ ဂါထာဖြင့် ပူဇော်သည်။

ထို့နောက် ဆရာတော်ကြီးများဦးဆောင်၍ ဇယန္တော ဗောဓိယာ မူလေအစချီ ဇယမင်္ဂလာ အောင်ဂါထာတော်နှစ်ပုဒ်ကို သုံးကြိမ်ရွတ်ဆို ပူဇော်ကြပြီး အောင်ဆု မင်္ဂလာ အမျှဝေစာတမ်းကို ဖတ်ကြား၍ အမျှပေးဝေကြသည်။ 

ယင်းနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။ 

 

mdn

 

သဗ္ဗေညု ဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါးတွင်ပါဝင်သည့် ဥဏ္ဏလုံ မွေးရှင်တော်ဟူသည်  မြတ်စွာဘုရားရှင်၏ မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟို တည့်တည့်အရပ်တွင် ဆွဲ၍ဆန့်လိုက်မူ လံဝက်မျှ (သုံးပေခန့်) ရှည်လျားပြီး လွှတ်လိုက်မူလျှင် လက်ယာရစ်ခွေ၍ စိန်ရောင်၊ ငွေရောင်အသွင် ဖြူစင်ဝင်းပသည့် မွေးရှင်တော်ဓာတ်ဖြစ်သည်။ ပါရမီတော်ဖြည့်ကျင့်ခဲ့သည့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်များ ဖြည်ကျင့်တော်မူစဉ် မုသာဝါဒသိက္ခာပုဒ်ကို လုံခြုံစွာ စောင့်ထိန်းပြီး သစ္စာတရား၌တည်ခဲ့သော ကုသိုလ်တော်အစွမ်းကြောင့် ရရှိတော်မူခြင်းဖြစ်သည်။

အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် စီသွင်းပူဇော်သည့် ဥဏ္ဏလုံ မွေးရှင်တော်မြတ်တွင် ၁၈ ဒသမ ၀၈ ရတီရှိ စိန်ပွင့်ကြီး ၂ ပွင့်၊ ၄ ဒသမ ၃၄ ရတီရှိ စိန်ပွင့် အသေး ၄၄ ပွင့်၊ သလင်းကျောက် ၅၃ ပွင့်၊ ရွှေ(၁၂ ပဲအရည်) ၃ ကျပ်သား၊ ၁ ပဲ ၄ ရွေး၊ ငွေ ၄၂၇ ကျပ်သား ၈ ပဲရှိကြောင်းသိရှိရသည်။

“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊  တိုင်းပြည် အေးချမ်း သာယာမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးကို ဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့် ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင်လည်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာ ဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများကို ဇန်နဝါရီ ၂၇ နှင့် ဖေဖော်ဝါရီ ၁၀ ရက်တို့တွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော် ကုသိုလ်ရှင်များ၊ ပြည်သူပြည်သားများအားလုံး ဝမ်းမြောက်နုမော်သာဓု ခေါ်ဆိုခဲ့ကြကြောင်း၊ ဖေဖော် ဝါရီ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း ၄ ကိုရတနာ ပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှုမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း။

ထိုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေသည့်နည်းတူ သာသနိက အဆောက်အအုံ များစွာကိုလည်းထည့်သွင်း တည်ဆောက်လျက်ရှိပြီး ယခုအခါ သာသနိက အဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ ၈၂ ဒသမ ၃ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်