မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော် ဩဂုတ် ၂၉

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

 

ပေးအပ်လှူဒါန်း

ယနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန် နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါ ဓိပတိခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ တံတား၊ ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက်၍ ကြည်ညိုသဒ္ဓါ ပွားများလျက် စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။

 

အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘိုးဘွားများအား ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း လမ်းလျှောက်ရန် အခက်အခဲဖြစ်သည့် ဘိုးဘွားများအား အဆင်ပြေစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံပို့ဆောင်ပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ အခမဲ့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် စက်တင်ဘာ ၃ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

သတင်းစဉ်