မာရဝိဇယမြတ်ဗုဒ္ဓ စည်ကားသိုက်မြိုက်စွာပူဇော်ကြ

ဘကြီးကောင်း

မောင်မြင့်အေးရေ . . .

မာရဝိဇယမြတ်ဗုဒ္ဓကို ရပ်နီးရပ်ဝေးက ရဟန်းရှင်လူ ပြည်သူတွေ အများအပြား စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်ကြည်ညိုကြတာ တွေ့မြင်ရတော့ စိတ်ထဲမှာ အလွန်ကြည်နူးလိုက်တာလေ။

တို့မြန်မာလူမျိုးဆိုတာ ရှေးဘိုးစဉ်ဘောင်ဆက်ကတည်းက ရွှေပြောင်ပြောင် တောင်ပေါ်က ဘုရားကအစ ထုံးဖြူဖွေးဖွေး စေတီလေးအဆုံး လက်အုပ်လေးတချီချီနဲ့ မြတ်ဗုဒ္ဓကိုရည်မှန်းပြီး ပူဇော်ကန်တော့ကြတာ မြန်မာ့ရိုးရာယဉ်ကျေးမှုရဲ့ ရှေးအစဉ်အလာတစ်ရပ်ပါပဲ။

ဗုဒ္ဓစာပေကျမ်းဂန်ထဲမှာ သမ္မာသမ္ဗုဒ္ဓ- အလုံးစုံသောတရားကို သိတော်မူသော မြတ်စွာ ဘုရား၊ ပစ္စေကဗုဒ္ဓ - အသီးအခြားပွင့်တော်မူသောဘုရားငယ်၊ သာဝက-ဘုရားရဲ့ တပည့်သား သံဃာတော်၊ စက္ကဝတ္တိရာဇာ-စကြဝတေးမင်းတို့ ဟာ စေတီထိုက်သူလေးဦးဖြစ်ပြီး စေတီအားဖြင့်တော့ ဓာတုစေတီ- မြတ်စွာဘုရားရှင်၏ သရီရ ဓာတ်တော်မွေတော်များ၊ ဓမ္မစေတီ - တရားတော်၊ ပရိဘောဂစေတီ- မြတ်စွာဘုရား၏ အသုံးအဆောင်၊ ဥဒ္ဒိဿစေတီ-မြတ်စွာဘုရားကိုယ်စား ရုပ်တု ဆင်းတုတော်ဆိုတဲ့ စေတီလေးပါး သတ်မှတ်ခဲ့တာကိုး။

ဒေါဏပုဏ္ဏားကြီးရဲ့အကြံပြုစကား

လောကသားတို့အတွက် ဓမ္မတည်းဟူသော မီးရှူးတန်ဆောင်ကြီးကို လောကကြီးအလယ် ထိန်လင်းနေအောင် ထွန်းညှိတော်မူခဲ့ပြီး မြတ်ဗုဒ္ဓဟာ သက်တော် (၈၀) အရွယ်မှာ ခန္ဓပရိနိဗ္ဗာနလို့ခေါ်တဲ့ ခန္ဓာရဲ့ချုပ်ငြိမ်းမှု ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကြွင်းကျန်ရစ်တဲ့ သရီရဓာတ်တော်တွေကိုပူဇော်ဖို့ စစ်ချီလာကြတဲ့ ခုနစ်ပြည်ထောင်မင်းအပေါင်းကို အကြံပြုတဲ့ ဒေါဏပုဏ္ဏားကြီးရဲ့ အကြံပြုစကားကလည်း အလွန်မှတ်သားနာယူဖို့ ကောင်းပါတယ်။

ဒေါဏပုဏ္ဏားကြီးက “အားလုံးတစ်ညီတည်း ဓာတ်တော်မွေတော်တွေကို ခွဲဝေကြရအောင်။ ရှစ်ပုံ ပုံကြမယ်။ ထိုထိုအရပ်ဒေသတွေမှာ၊ ကိုယ့်ဒေသကိုယ် မြတ်စွာဘုရားရဲ့ စေတီပုထိုးတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိကြပါစေ။ ထူးခြားတဲ့ လောကကြီးရဲ့မျက်လုံးသဖွယ်ဖြစ်တဲ့ မြတ်စွာဘုရားကိုကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေဟာ လောကကြီးမှာ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ဆိုင်ရာဆိုင်ရာ ဒေသတွေမှာ မြတ်စွာဘုရားရဲ့ဓာတ်တော် မွေတော်တွေ တည်ထားတဲ့ စေတီပုထိုးတွေ ကမ္ဘာအနှံ့အပြား နိုင်ငံအနှံ့ရှိနေတာကောင်းပါတယ်”လို့ အကြံပြုခဲ့တာဖြစ်ပါတယ်။

ဒီပင်္ကရာမြတ်စွာဘုရားမှစပြီး နှစ်ကျိပ်လေးဆူ (၂၄ဆူ)သော ဘုရားရှင်တွေအနက် သရီရဓာတ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာအနှံ့ ကိုးကွယ်ရစ်ရအောင် အစိတ်စိတ်အမြွှာမြွှာအဖြစ် အဓိဋ္ဌာန်ပြုခဲ့တဲ့ရှင်တော် ဘုရားတွေမှာ ဂေါတမဘုရားအပါအဝင် ကိုးဆူပဲရှိတယ်လို့ နာယူမှတ်သားဖူးပါတယ်။

ကိုးကွယ်ခွင့်ရအောင် အဓိဋ္ဌာန်ထားတော်မူ

၂၄ ဆူသော ဘုရားရှင်တွေထဲမှာ ရေဝတဗုဒ္ဓ၊ သောဘိတဗုဒ္ဓ၊ ပဒုမဗုဒ္ဓ၊ သုမေဓဗုဒ္ဓ၊ အတ္တဒဿီဗုဒ္ဓ၊ ဖုဿဗုဒ္ဓ၊ ဝေဿဘူဗုဒ္ဓ၊ ကောဏာဂမနဗုဒ္ဓနဲ့ ဂေါတမဗုဒ္ဓ ဒီကိုးဆူသော ဘုရားရှင်တွေက လောကသားတို့ရဲ့အကျိုးအတွက် သရီရဓာတ်တော်တွေ အစိတ်စိတ်အမြွှာမြွှာဖြစ်ပြီးတော့ လူတွေမြောက်မြားစွာ မိမိအရပ်ဒေသမှာ ကိုးကွယ်ခွင့် ရအောင် အဓိဋ္ဌာန်ထားတော်မူခဲ့တာ ဖြစ်ပါတယ်။

ယခုဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူတဲ့ ဘုရားလေးဆူအနေနဲ့က ကကုသန္ဓမြတ်စွာဘုရားနဲ့ ကဿပမြတ်စွာဘုရားရှင်တို့က ဓာတ်တော်တစ်ဆူတည်း ကြွင်းကျန်ရစ်ခဲ့ပြီး ကောဏာဂမနမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရားရှင်တို့ကတော့ ထူးခြားတဲ့ အဓိဋ္ဌာန်ကြောင့် ဓာတ်တော်တွေဟာ အစိတ်စိတ်အမြွှာမြွှာ ကြွင်းကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ ဂေါတမမြတ်စွာဘုရားရှင် ရုပ်ကလာပ်တော် တေဇော ဓာတ်လောင်တဲ့အခါမှာ ကြွင်းကျန်ရစ်ခဲ့တဲ့ ဓာတ်တော်မွေတော်တွေဟာ စုစုပေါင်းဓာတ်တော် ၁၆ စိပ် (သို့မဟုတ်) ၁၆ ပြည်မျှဖြစ်ပါတယ်။

ဂေါတမမြတ်စွာဘုရားနဲ့ ကျန်တဲ့ရှစ်ဆူသော ဘုရားရှင်တို့ဟာ မိမိတို့ရဲ့ခန္ဓာကိုယ်က ဖြစ်ပေါ် လာတဲ့ဓာတ်တော်တွေကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေပြီး ကမ္ဘာအနှံ့ တစ်ဆူဆီတစ်ဆူဆီ ပြန့်သွားတဲ့အခါမှာ စေတီပေါင်းမြောက်မြားစွာ တည်ထား ပူဇော်ခွင့်ရအောင် ရည်ရွယ်တော်မူခဲ့တာဖြစ်ပါတယ်။ အနည်းဆုံး နတ်ပြည်ချမ်းသာကိုပေးစွမ်းနိုင်တဲ့ ကုသိုလ်မျိုးကို ဆည်းပူးအားထုတ်ပြီးသား ဖြစ်သွားအောင် လောကသားတွေရဲ့ အကျိုးအတွက် အဓိဋ္ဌာန်တော်မူခဲ့ကြတာဖြစ်တယ်လို့ နာယူမှတ်သားမိပါတယ်။

လက်အုပ်ချီမိုးပြီး ရှိခိုးလိုက်ကြပါ

မဟာပရိနိဗ္ဗာနသုတ်မှာလည်း ဗုဒ္ဓမြတ်စွာရဲ့ ဓာတ်တော်မွေတော်တွေနဲ့ ပတ်သက်ပြီး မြတ်စွာ ဘုရားဆိုတာ နတ်မင်းတွေကလည်း ကိုးကွယ်တယ်၊ နဂါးမင်းတွေကလည်း ကိုးကွယ်တယ်၊ လူမင်းတွေကလည်း ကိုးကွယ်တယ်၊ အလွန်မြင့်မြတ်တဲ့ဘုရင် တွေကလည်းပဲ ကိုးကွယ်ကြတယ်။ မြတ်စွာဘုရားရဲ့ ဓာတ်တော်မွေတော်တွေကို ရရှိတဲ့အခါမှာ လက်အုပ်ချီမိုးပြီး ရှိခိုးလိုက်ကြပါ။ ဘာကြောင့်လဲ လို့ဆိုရင် “ဗုဒ္ဓါဟဝေ ကပ္ပသတေဟိ ဒုလ္လဘော” ဘုရားဆိုတာဟာ ကမ္ဘာကမ္ဘေအလွန်ရှည်ကြာသော်လည်း တစ်ဆူပွင့်ဖို့ရာ အလွန်ခဲယဉ်းတယ်။ အလွန်ခဲယဉ်းတဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ဓာတ်တော်မွေတော်တွေကို အားရပါးရရှိခိုး လိုက်ကြပါဆိုတဲ့စကားနဲ့ နိဂုံးချုပ်ထားတာ နာယူမှတ်သားခဲ့ရပါတယ်။

မြတ်စွာဘုရားရှင်ကို ကြည်ညိုကြတဲ့ ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရားရှင်ရဲ့ ဓာတုစေတီ၊ ပရိဘောဂစေတီနဲ့ ဥဒ္ဒိဿစေတီတို့ကို ရှိခိုးပူဇော်ခွင့်ရခဲ့ကြလို့ ကောင်းကျိုးချမ်းသာတွေ ရရှိခဲ့ကြသလို အကျိုးစီးပွားပျက်ပြားလိုတဲ့စိတ်နဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့နဲ့ ပစ်မှားမိခဲ့ကြတဲ့ ပုဂ္ဂိုလ်အချို့ဟာလည်း မကောင်းကျိုးတွေ အကျိုးပေးလာတဲ့အခါမှာ ဆင်းရဲဒုက္ခတွေ ခံစားခဲ့ကြရတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။

ပိဋကသုံးပုံ နှုတ်ငုံဆောင်နိုင်သူ

ယသောရတမည်သော ဥပါသကာကြီးဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့ တပည့်တစ်ဦးဖြစ်ပြီး ပိဋကသုံးပုံ နှုတ်ငုံဆောင်နိုင်သူ အနာဂါမ်အဆင့် ရှိပါတယ်။ ဥပါသကာကြီးဟာ ပရိနိဗ္ဗာန်စံဝင်ပြီဖြစ်တဲ့ ကဿပမြတ်စွာဘုရားရှင်ရဲ့စေတီတော်ကြီး ပြီးစီးရေးအတွက် ဇမ္ဗူဒိပ်တစ်ခွင်လုံး လှည့်လည်နိဗ္ဗာန်ဆော်ရင်း အန္ဓဝန်တောအုပ်အတွင်း တစ်ဦးတည်းရောက်ရှိလာပါတယ်။

ဒီတောအုပ်က ကဿပဘုရားရှင်လက်ထက်မှာ လူသူအရောက်အပေါက်နည်းပြီး ခိုးသားဓားပြ ထူပြောတဲ့ တောကြီးမျက်မည်းတစ်ခုလည်း ဖြစ်ပါတယ်။ ခိုးသားဓားပြတွေဟာ ဥပါသကာကြီးကို စေတီတော်ကြီးအတွက်လှူခဲ့လေသမျှ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပါလိမ့်မယ်ထင်ပြီး ဖမ်းဆီးဓားပြတိုက်ပါတော့တယ်။

ဒါပေမဲ့ ဥပါသကာကြီးဟာ ရလာသမျှ လှူဖွယ်ဝတ္ထုတွေကို ညမဆိုင်းဘဲ စေတီတော်ကြီးတည်ရာသို့ လှည်းကြုံနဲ့ပို့နေတာကို ဓားပြတွေက မသိကြဘူး။ ဥပါသကာကြီးကိုယ်ပေါ်မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ပါလာတာကိုတွေ့မှပဲ သိတော့တယ်။ သို့ပေမယ့် ဓားပြအများစုက ဥပါသကာကြီးဟာ မင်းပေါက်စိုးပေါက်ဖြစ်တဲ့အတွက် သူတို့လုပ်ရပ်ပေါ်ပြီး အပြစ်ဒဏ်သင့်မှာစိုးလို့ သာသနာ့အကျိုးဆောင် ဥပါသကာကြီးကို နှုတ်ပိတ်သတ်ဖြတ်ခဲ့ကြလေတယ်။ သတ်မိတဲ့ဓားပြတွေဟာ တောအုပ်ထဲမှာပဲ လတ်တလော မျက်ကန်းဘဝကို ရောက်သွားခဲ့ကြ တယ်လို့ဆိုတယ်။ ဒါကြောင့် ဂေါတမဘုရားရှင် လက်ထက်တော်ကာလမှာ ဒီတောအုပ်ကို အန္ဓဝန်တောလို့ခေါ်တွင်ခဲ့ကြတယ်။ သူကန်းတောလို့ အဓိပ္ပာယ်ရပါတယ်။

ရွှေပန်းထိမ်သည်တစ်ဦး

နောက်တစ်ဦးကတော့ ဇဋိလ။ ဂေါတမမြတ်စွာ ဘုရားရှင်လက်ထက်တော်မှာ ထင်ရှားတဲ့သူဌေးကြီး လေးဦးထဲကတစ်ဦးအနေနဲ့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအများစု အမှတ်ရနေသူတစ်ဦး ဖြစ်ပါတယ်။ ကဿပဘုရားရှင်လက်ထက်တော်ကာလမှာ ဇဋိလ ဟာ ရွှေပန်းထိမ်သည်တစ်ဦးဖြစ်ခဲ့ပါတယ်။

ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကြွင်းကျန်ရစ်တဲ့ဓာတ်တော်တွေကို စေတီတည်တဲ့အခါမှာ ရွှေမလုံလောက်တဲ့အတွက် ရဟန္တာအရှင် မြတ်တစ်ပါးဟာ မြို့ထဲဝင်ပြီး အလှူရှင် ဒါယကာ အရှာထွက်ခဲ့တယ်။ ဇဋိလလောင်းလျာ ရွှေပန်းထိမ် ရှေ့ရပ်ပြီး လှူဖို့နှိုးဆော်တိုက်တွန်းတဲ့အခါမှာ ဇဋိလလောင်းလျာဟာ ဇနီးသည်နဲ့ အချင်းများပြီး စိတ်နှလုံးညည်းညူခိုက်မို့ “အရှင်ဘုရားတို့စေတီကို ဂင်္ဂါမြစ်ထဲသာမျှောလိုက်ပါတော့” လို့ ဆိုလိုက်မိတယ်။

ဇနီးသည်ကကြားတော့ “ရှင်ဟာ ကျွန်ုပ်ကို အမျက်ထွက်ငြားက ကျွန်ုပ်ကိုသာ ပုတ်ခတ်ဆဲရေး ပြောဆိုပါလော့၊ မြတ်စွာဘုရားရှင်အား အဘယ် ကြောင့်ပုတ်ခတ်ပြောဆိုရပါသလဲ” လို့ပြောမှ သတိသံဝေဂရပြီး ရဟန္တာအရှင်မြတ်ကို တောင်းပန်စကား ဆိုပါတယ်။

ရဟန္တာအရှင်မြတ်ကလည်း “ငါ့အားသင်ပြစ် မှားသည်မဟုတ်၊ ဗုဒ္ဓသရီရဖြစ်တဲ့ ဘုရားကိုသာ ပြစ်မှားခြင်းဖြစ်တဲ့အတွက် ဘုရား၌သာပူဇော် ကန်တော့လော့” လို့ မိန့်ကြားတော်မူပါတယ်။

ဇဋိလလောင်းလျာ ရွှေပန်းထိမ်သည်လည်း စိုသောဆံပင်၊ စိုသောအဝတ်ပုဆိုးတို့နဲ့ ဓာတ်တော် ဌာပနာတိုက်အတွင်းသို့ သွားရောက်ပြီး ဇမ္ဗူရစ်ရွှေပန်းခိုင်သုံးခုနဲ့ တောင်းပန်ရှိခိုးပူဇော်ခဲ့ပါတယ်။ စေတီတော်အတွက်လိုအပ်နေတဲ့ ရွှေစင်ရွှေသားတွေ ကိုလည်း လှူဒါန်းခဲ့ပါတယ်။

လှူဒါန်းခဲ့တဲ့ကောင်းမှုကံ စေတနာတို့ကြောင့် ရွှေပန်းထိမ်သည်ဟာ ဂေါတမဘုရားရှင်လက်ထက်မှာ ထင်ရှားတဲ့သူဌေးကြီးတစ်ဦး ဖြစ်လာခဲ့ပေမယ့် “အရှင်ဘုရားတို့စေတီကို ဂင်္ဂါမြစ်ထဲသာမျှောလိုက် ပါတော့” ဆိုတဲ့ အကုသိုလ်ဝဇီကံကြောင့် ယခုလက်ရှိ ငယ်စဉ်ဘဝအပါအဝင် ခုနစ်ဘဝတိုင်တိုင် ရေမျှော ခံခဲ့ရတယ်လို့ နာယူမှတ်သားမိပါတယ်။

ဒါကြောင့်မို့ ကံကံရဲ့အကျိုးကို ယုံကြည်ကြတဲ့ ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအများစုဟာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနဲ့ ဆက်စပ်ပြီး မကောင်းသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတွေ မိမိသန္တာန်မှာ မဖြစ်ပေါ်အောင်၊ ကောင်းမြတ်သော ကုသိုလ်စေတနာကံတွေသာ ပေါ်ပေါက်လာအောင် ယောနိသော မနသီကာရစိတ်နဲ့ နှလုံးသွင်းပူဇော်လေ့ရှိကြပါတယ်။

ကွင်းကွင်းကွက်ကွက်ပေါ်လာ

သီဟိုဠ်ခေတ်ကာလက ပုဏ္ဏဝလ္လိကကျောင်းမှာ သီတင်းသုံးနေတဲ့ မဟာတိဿ မထေရ်မြတ်ဟာ တစ်ခုသော လပြည့်နေ့ညချမ်းအချိန် ကျောင်းတွင်း စေတီရင်ပြင်ကိုသွားရင်း လသာသာမှာကြည်နူး စိတ်နဲ့အတူ “ဒီလိုသာယာတဲ့ အချိန်အခါမျိုးမှာ ရဟန်းရှင်လူ ပရိသတ်လေးပါး လူအများဟာ မဟာစေတီကို ရှိခိုးပူဇော်နေကြမှာပဲ”လို့ စဉ်းစားမိတဲ့အခါ တစ်ချိန်ကဖူးမြော်ခဲ့ဖူးတဲ့ မဟာစေတီကြီး ဟာ စိတ်ထဲကွင်းကွင်းကွက်ကွက် ပေါ်လာပါတယ်။

ထိုမှဆက်ကာ ဘုရားရှင်ရဲ့ “အရဟံ” စသော ဂုဏ်တော်များကို နှလုံးသွင်း အာရုံပြုမိတဲ့အခါ မထေရ်မြတ်ရဲ့သန္တာန်မှာ နှစ်သက်မှုပီတိတွေဖြစ်ပွားလာပြီး အဆုံးမှာတော့ ကိုယ်ပါအထက်သို့မြောက်ပျံ တက်ကြွခြင်းဆိုတဲ့ ဥဗ္ဗေဂါပီတိအစွမ်းကြောင့် ကောင်းကင်ထက် တက်ပျံသွားပြီး မိမိစိတ်ထဲ ထင်စွဲ နေတဲ့အဝေးရှိ မဟာစေတီကြီး ရင်ပြင်ပေါ်သို့ အလိုလို ရောက်သွားခဲ့ပါတယ်။ ရောက်မှပဲ မိမိရောက်နေကြောင်း သိရတယ်လို့ ဆိုပါတယ်။

မာရဝိဇယမြတ်ဗုဒ္ဓအပါအဝင် စေတီထိုက်တဲ့ မြတ်စွာဘုရားရှင်ရဲ့ ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီတော်လာ ဘုရားဖူးပြည်သူတွေအနေနဲ့လည်း မြတ်စွာဘုရားရှင်ကို ဖူးမြော်ကြည်ညို ကြရာမှာ ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်အောင် ပုံတော် ကို ဂုဏ်တော်ကပ်ပြီး ရှိခိုးပူဇော်ကြစို့ရဲ့။ အဂါဝရ မဖြစ်အောင် ဆင်ခြင်ကြစို့ရဲ့။ သန့်ရှင်းမှုဖြင့် ကုသိုလ်ယူကြစို့ကွဲ့။ ။

ကျမ်းကိုး -    ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒ မာလာဘိဝံသ၏ “လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်(စတုတ္ထတွဲ)”။

ဓမ္မာစရိယ ဦးဌေးလှိုင်၏ “သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ”။

ဝဏ္ဏသီရိ၏ “ညီတော်အာနန္ဒာ၏ တစ်သက်တာ မှတ်တမ်း (ပထမတွဲ)”။