မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ ဇွန် ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီခွဲတွင် စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ရွာတော်) ရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက မဲစာရင်းပြုစုရာတွင် မှန်ကန်စေရန် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် မြေပြင်ကွင်းဆင်း ကောက်ယူရေးဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရေး ဗဟိုကော်မတီမှ အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူဦးရေစာရင်းများကို ကော်မရှင်သို့ ပေးပို့လျက်ရှိရာ လူဦးရေစာရင်း (ပထမမူကြမ်း) နှင့် (ဒုတိယမူကြမ်း) တို့ကို လက်ခံရရှိပြီး ဖြစ်ကြောင်း၊ အဆိုပါရရှိသည့် စာရင်းများကို မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲခြင်း စနစ် (Admin and DEO Software) နှင့် ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (Central Voter List Management System) တို့ကိုအသုံးပြုပြီး မြို့နယ်အလိုက် မဲရုံတစ်ခုချင်းစီအထိ စာရင်း ထည့်သွင်းခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း။ 
ယခုအလုပ်ရုံဆွေးနွေးပွဲကို မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်များ အသုံးပြုရာမှ ရရှိလာသည့် အတွေ့အကြုံများ၊ အခက်အခဲများ၊ မဲစာရင်းပြုစုရေးနှင့် သက်ဆိုင်သည့်နည်းပညာများကို ရှင်းလင်းဆွေးနွေးမျှဝေနိုင်ရန်နှင့် နည်းပညာအသုံးပြု၍ မဲစာရင်းများ မှန်ကန်စေရန်အတွက် ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် လူဦးရေစာရင်းနှင့်သက်ဆိုင်သည့် File ၊ Folder များ စီမံခန့်ခွဲခြင်း၊ e-ID လူဦးရေစာရင်းများကို စစ်ဆေးခြင်းနှင့်သန့်စင်ခြင်း၊ လူဦးရေစာရင်းများကို Admin and DEO Software များ အသုံးပြု၍ပြုစုခြင်းနှင့်ထည့်သွင်းခြင်း၊ ဗဟိုမဲဆန္ဒရှင်စာရင်းစီမံ ခန့်ခွဲမှုစနစ် CVLMS သို့ ထည့်သွင်းခြင်းနှင့် ပြန်လည်စစ်ဆေးခြင်း၊ ထည့်သွင်းပြီးစာရင်းများနှင့် ထပ်မံရောက်ရှိလာသည့်စာရင်းများကို တိုက်ဆိုင်စိစစ်ခြင်း စသည့်လုပ်ငန်းများကို ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားရန်လိုသကဲ့သို့ စနစ်များအသုံးပြုရာ၌ မှားတတ်သော အမှားများကို လက်တွေ့ချပြ ရှင်းလင်းဆွေးနွေးသွားရန် လိုမည်ဖြစ်ကြောင်း၊ သို့မှသာ ကော်မရှင်အဖွဲ့ခွဲများမှဝန်ထမ်းများအနေဖြင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ပြီး မဲစာရင်းများပြုစုရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် နှင့် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဝန်ထမ်းများ တက်ရောက် ခဲ့ကြပြီး ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်

mdn