မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ  ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်       ဇွန်      ၂၈

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြီးမှူးကျင်းပသည့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် တည်းခိုရေးစခန်း (ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း က ဆွေးနွေးပွဲများမှ ရရှိသောအကြံဉာဏ်များဖြင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်၏ လိုအပ်သည့် နည်းပညာဆိုင်ရာ အပိုင်းများတွင် ထပ်မံဖြည့်သွင်းပြီး ပိုမိုပြည့်စုံကောင်းမွန်သည့်စနစ် ဖြစ်စေရန် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်များအနေဖြင့် အဆင့်ဆင့် စစ်ဆေးကြီးကြပ်ရန် တာဝန်ရှိသည့်အတွက် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်နှင့် စပ်လျဉ်းပြီး ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ ဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံများနှင့်  ရွေးကောက်ပွဲအတွက် တိကျမှန်ကန်သည့် မဲစာရင်းများဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဝန်ထမ်းများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ်တွင် ဝန်ထမ်း ၁၅၄ ဦး၊ ဒုတိယအကြိမ်တွင် ဝန်ထမ်း ၁၇၂ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)