နေပြည်တော် ဒီဇင်ဘာ ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် စီမံကိန်း နှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အဆိုပါစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Second Secretary Mr. Zhang Zhonghua၊ သက်ဆိုင်ရာဌာနများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ယခုနှစ် တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအထူးရန်ပုံငွေ (၂၀၂၄)၏  စီမံကိန်း  နှစ်ခုဖြစ်သော “စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများမြှင့်တင်ခြင်း စီမံကိန်း ” နှင့် “အသေးစားလုပ်ငန်းများ မြှင့်တင်ခြင်းနှင့် ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အသေးစားနှင့်အငယ်စားစက်မှုလုပ်ငန်းများ၏ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုမြှင့် တင်ခြင်းစီမံကိန်း” တို့ကို ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း၊ အဆိုပါစီမံကိန်းနှစ်ခုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်အထိ (၂)နှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

အဆိုပါ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင် ခြင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း၊ ကုန်ထုတ် လုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် Food Safety ဆိုင်ရာ အသိပညာများကို ကျယ်ကျယ် ပြန့်ပြန့် သိရှိလာစေခြင်း၊ နိုင်ငံအတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝများကို မြှင့်တင် ပေးရာရောက်ပြီး နိုင်ငံတော်၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Zhang Zhonghua နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ တာဝန်ရှိသူတစ်ဦးတို့က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှစ်ခုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်း (၁၅) အနက် စီမံကိန်း(၉) ခုဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများဆိုင်ရာ Video Clip ကိုပြသပြီး ပြည်ထောင်စုဝန်ကြီးသည် အခမ်အနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများဖြစ်သော “စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများမြှင့် တင်ခြင်းစီမံကိန်း” ဖြင့် တရုတ်နိုင်ငံမှ ပညာရှင်များ ဖိတ်ခေါ်ပြီး ဌာနရှိနည်းပြများကို TဝTသင်တန်း ပေးခြင်း၊ ဌာနရှိ နည်းပြများက ကျေးလက်နှင့် မြို့ပြရှိ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များကို စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ MSME Business Plan Training နှင့် Food Safety Training သင်တန်းများပေးခြင်း၊ စီမံကိန်းစောင့်ကြည့်လေ့လာ အကဲ ဖြတ်ခြင်းများ (M&E) ပြုလုပ်ခြင်း၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ အသိပညာများ ပိုမိုသိရှိလာစေရေးအတွက် လေ့လာရေးခရီးစေလွှတ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်