မဲခေါင်ဒေသတွင်း နိုင်ငံများရှိ သစ်တောဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်း စီမံကိန်း ကနဦးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၇ ဩဂုတ်

 

မဲခေါင်ဒေသတွင်း နိုင်ငံများရှိ သစ်တောဂေဟစနစ်များအား ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်း စီမံကိန်းကနဦး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သစ်တောသုတေသနဌာန ရေဆင်း၌ ကျင်းပသည်။


ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ သစ်တောသယံဇာတအကဲ ဖြတ်ဆန်းစစ်မှုအစီရင်ခံစာအရ မြန်မာနိုင်ငံဧရိယာ၏ (၄၂ ဒသမ ၉၂ ရာခိုင်နှုန်း) သစ်တောများ ဖုံးလွှမ်းလျက်ရှိပြီး သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှုသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် (၁ ဒသမ ၇ ရာခိုင်နှုန်း)ရှိသည်။ ထို့အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျွန်းနှင့် သစ်မာထုတ်လုပ်ခြင်းအား ရပ်နားခဲ့ပြီး ပဲခူးရိုးမတစ်ခုလုံးအား သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်း တစ်ကြိမ်စာ (၁၀)နှစ်အထိ ကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်းမပြုပဲ အနားပေးထားပြီး ပြုစုထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။


စီမံကိန်းအကောင်အထည်ဖော်ရာတွင် သဘာဝတောများထိန်းသိမ်းရေး၊ သစ်တောများ ထာဝစဉ်တည်တံ့စေရေး၊ ရေဝေရေလဲဒေသထိန်းသိမ်းရေး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ ဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စသည့်ရည်ရွယ်ချက် လုပ်ငန်းစဉ်များပါဝင်သည်။ စီမံကိန်းကာလအတွင်း ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်အတွင်း ရေဝေရေလဲဒေသထိန်းသိမ်းရေး စိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောများထိန်းသိမ်းခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ တည်ထောင်ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သစ်တော သုတေသနဌာနဝင်းအတွင်း သစ်မျိုးစုံဥယျာဉ် တည်ထောင်ခြင်း စသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူးနှင့် သစ်တောအရာရှိများ၊ ဒေသခံပြည်သူများ APFNet မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်