မစ်ဆုရာတာမြို့ရှိ ကုလသမဂ္ဂကျောထောက်နောက်ခံတပ်ဖွဲ့များအား လစ်ဗျားအရှေ့အခြေစိုက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်

၂၀ ဒီဇင်ဘာ

လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီ အရှေ့ဘက် ၂၀ဝ ကီလိုမီအကွာ မစ်ဆုရာတာ မြို့ရှိ ကုလသမဂ္ဂကျောထောက်နောက်ခံတပ်ဖွဲ့များရှိရာနေရာများကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်အထက် စတင်လုပ်ဆောင်ခဲ့သည်ဟု လစ်ဗျားအရှေ့အခြေစိုက်စစ်တပ်က ယမန်နေ့က ပြောကြားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများကို ၁၀ ကြိမ်အထက်လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြထားပြီး ခဲယမ်းမီးကျောက် ဂိုဒေါင်တစ်ခု ပါရှိသည့်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။

ကုလသမဂ္ဂကျောထောက်နောက်ခံတပ်ဖွဲ့များ၏ စစ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အရှေ့အခြေစိုက်စစ်တပ် ၏ တပ်မှူး ဗိုလ်ချုပ် ခါလီဖာ ဟက်ဖ်တာ က မြို့တော်ကိုသိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် ထရီပိုလီအနီးတစ်ဝိုက်ရှိ ပစ်မှတ်များကို ဧပြီလအစောပိုင်းကစပြီး စစ်ဆင်ရေးလှုပ်ရှားမှု ၏ နောက်ဆုံးအဆင့်ကို စတင်ရန် ယမန်နေ့က အမိန့်ပေးခဲ့သည်။ 

အဆိုပါ တိုက်ပွဲများကြောင့် ထောင်နှင့်ချီသောလူများ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိကာ လူပေါင်း ၁၂၀ဝ၀ဝ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို