ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃၁) မှ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၂ နာရီခွဲက Bramall Lane ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ရှက်ဖီးလ်နှင့် မစ်ဒယ်ဘရော့ အသင်းပွဲစဉ်တွင် မစ်ဒယ်ဘရော့အသင်းက အကြိတ်အနယ်ကစားကာ နှစ်ဂိုး - တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး အမှတ်ပေးဇယားကို တစ်ကျော့ပြန် ဦးဆောင်ခွင့်ရရှိခဲ့သည်။
မစ်ဒယ်ဘရော့အသင်းသည် တစ်ယောက်လျော့ ရှက်ဖီးလ်အသင်းကို ပွဲအစပိုင်းကတည်းက ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပထမပိုင်းအတွင်း နှစ်ဂိုးပြတ် ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ကွန်ဝေးနှင့် မက်ဂရီတို့၏ တိုက်စစ်ဆင်မှုများက ထိရောက်မှုရှိခဲ့ပြီး အဆုံးသတ်သေချာမှုများကြောင့် သွင်းဂိုးများ ရယူနိုင်ခဲ့သည်။
ရှက်ဖီးလ်အသင်းသည် ဒုတိယပိုင်းတွင် တိုက်စစ်ကစားသမား ပက်ထရစ်ဘမ်းဖို့ဒ်၏ ချေပဂိုးကြောင့် ပွဲမှာ ပိုပြီးအကြိတ်အနယ်ရှိလာခဲ့သည်။ သို့သော်လည်း လူစားဝင်ကွင်းလယ်ကစားသမား ရုသ်ဝဲလ် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် ပြိုင်ဘက် မစ်ဒယ်ဘရော့အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကို ဟန့်တားကာကွယ်ခဲ့ရသည်။
မစ်ဒယ်ဘရော့အသင်းသည် အကောင်းဆုံးပုံစံကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကာ ငါးပွဲဆက် နိုင်ပွဲရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး နည်းပြ လမ်းပတ်၏ ကိုဗင်ထရီအသင်းကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရရှိခဲ့သည်။ ရှက်ဖီးလ်အသင်းက ဒုတိယပိုင်းတွင် အသင်းကစားပုံကောင်းမွန်မှုရှိခဲ့သော်လည်း အနီကတ်ပြခံရမှုနှင့် အဆုံးသတ်မသေချာမှုများကြောင့် ရှုံးပွဲတွေ့ကြုံခဲ့ရသည်။
အောင်ဇော်


