မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၇

 

မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ကျေးရွာများတွင် စဉ်ဆက်မပြတ်ဘဏ္ဍာရေး အရင်းအမြစ်ရရှိစေရန်၊ ကျေးလက်နေပြည်သူများ ဒီမိုကရေစီနည်းလမ်း ကျကျ စုပေါင်းညှိနှိုင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး ရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်မှန်း၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း။

 

ယခုအခါ မြို့နယ်(၂၈၉) မြို့နယ်ရှိ ကျေးရွာပေါင်း (၁၄,၆၆၈) ရွာတွင် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်လျက်ရှိသည့် ကျေးလက်အိမ်ထောင်စုပေါင်း (၁၄)သိန်းကျော်အတွက် ငွေကျပ် (၄၉၀) ဘီလီယံကျော် ထုတ်ချေးလည်ပတ် လျက်ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် စီမံကိန်း လွှမ်းခြုံမှု ၂၃ ဒသမ ၁ ရာခိုင်နှုန်းရှိပါကြောင်း၊ စီမံကိန်းအတိုးရငွေပေါင်း (၂၄၈)ဘီလီယံကျော် ရရှိခဲ့သည့်အနက် အတိုးရငွေများအနက်မှ (၄၄ ဒသမ ၅၆)ဘီလီယံကျော်ဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း (၄,၀၀၀)ကျော် ကို ပြည်သူပူးပေါင်းပါဝင်မှုများနှင့်အတူ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 

ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ယခုအချိန်အထိ ဆောင်ရွက်ခဲ့ရာ ကျေးရွာပေါင်း (၁၁,၆၇၇)ရွာ၊ လုပ်ငန်းပေါင်း (၁၅,၀၀၀)ကျော်ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ခေတ်မီစံပြကျေးရွာ  (SMART Village) ထူထောင်ရေးစီမံကိန်းကိုလည်း ကျေးရွာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးအစီအစဉ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်မှစတင်ပြီး စမ်းသပ်ဆောင်ရွက်သည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ၊ အားသားချက်၊ အားနည်းချက်များကို ရှင်းလင်း တင်ပြကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဦးစီးဌာန၏ ရှေ့လုပ်ငန်းစဉ်များနှင့် မူဝါဒများ ချမှတ်ဆွေးနွေးပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)