မြစိမ်းရောင်(ငါးကဏ္ဍ)မှ အတိုးရငွေကျပ်သိန်း(၅၀)အား ဆင်ကျွန်းကျေးရွာသို့ လွှဲပြောင်းပေးအပ်

မတ္တရာ  ၃၀  ဇူလိုင် 


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်း ဆောင်ရွက်သည့် ဆင်ကျွန်းကျေးရွာသို့ စီမံကိန်းအတိုးရငွေမှ ကျပ်သိန်း(၅၀) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးပေါ်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက မီးလင်းရေးအတွက် တောင်ဘက်ခြမ်းမှာ ကျေးရွာ ငါးရွာသာ မီးလင်းရေး ကျန်ရှိကြောင်း အဆိုပါ ၅ ရွာ မီးလင်းနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း လိုအပ်တဲ့ အကူအညီတောင်းနိုင်ကြောင်း မိမိတို့ဘက်မှ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။ 


ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးမှ အတိုးရငွေများမှ သိန်း ၅၀ ကျပ်အား ကျေးရွာ ကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။


အဆိုပါ မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းဝင် ဆင်ကျွန်းကျေးရွာသည် ၂၀၁၅-၂၀၁၆ ခုနှစ်မှ စတင်၍ မတည်ငွေ ငွေကျပ်သိန်း(၃၀ဝ)ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ  အတိုးရငွေပေါင်း ကျပ်သိန်း(၁၅၀.၉၅၃) ရရှိခဲ့ပြီး အတိုးရငွေမှ ငွေကျပ်သိန်း(၅၀)နှင့် ကျေးရွာ ပြည်သူလူထုမှ ထည့်ဝင်ငွေ ကျပ် ၁၅၈.၃၂၈ သိန်း စုစုပေါင်း ကျပ် ၂၀၈.၃၂၈ သိန်းဖြင့် ကျေးရွာ မီးလင်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆင်ကျွန်းကျေးရွာသည် အိမ်ခြေ ၂၅၀ လူဦးရေ (၁၀၇၅)ဦးရှိပြီး မွေးမြူရေးလုပ်ငန်း ၁၆၀၊ ရေလုပ်ငန်း(၆၇)ဦး၊ ရောင်းဝယ်ရေး ၃၀ စုစုပေါင်း (၂၅၇)အား ချေးငွေများ ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။


စိုးကျော်သူထွေး(မတ္တရာ)