မြစ်ကြီးနား၊ ကောလင်းနှင့် ပြင်ဦးလွင် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၉ ဩဂုတ်

 

မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၈ ရက် ညနေ ၄ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမကြီးပေါ်ရှိ ဟိုတယ်ရှေ့တွင် AD Van အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ခရီးသည် မခေါန်ထွဲထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၁၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် ကောလင်းမြို့နယ်၊ ခန်သာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ကောလင်းမြို့နယ်၊ ထီးချိုင့်-ကျောက်တန်းသွားကားလမ်း၊ ကညို့အင်းကျေးရွာအနီးတွင် ဝင်းဌေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ည ၈ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-မန္တလေးသွားကားလမ်း၊ ပိတ်ချင်းမြောင်နယ်မြေရဲစခန်းရှေ့တွင် ကျော်ဆန်းဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား