မြစ်ကြီးနားမြို့၌ စုပေါင်းဒုလ္လဘရဟန်းခံအလှူတော်မင်္ဂလာ ကျင်းပ

 

မြစ်ကြီးနား၊ ဧပြီ ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မဟာသင်္ကြန်ကာလ မြန်မာတို့၏ ရိုးရာဓလေ့ထုံးစံနှင့်အညီ ကုသိုလ်ဒါအနေဖြင့် ဝန်ထမ်းမိသားစုများ အပါအဝင် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို ဧပြီ ၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဒုလ္လဘရဟန်းသံဃာများအား သိမ်ဆင်းလောင်းလှူပူဇော်ပွဲနှင့် ရေစက်ချတရားနာ အလှူတော်မင်္ဂလာ အခမ်းအနားများကို ဧပြီ ၂  ရက်  နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ အံတော်ရှင် တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

ဦးစွာ စုပေါင်းဒုလ္လဘရဟန်းခံ သံဃာတော်များ၊ ကိုယ်ရင်များအား သိမ်ဆင်းလောင်းလှူရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရဟန်းဒါယကာ၊ ဒါယကာမများနှင့် အလှူရှင်များက ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်များနှင့် ဒုလ္လဘ ရဟန်းခံသံဃာ ၂၀၀ ကျော်၊ စာသင်သား သာမဏေများ၊ သီလရှင် ဆရာလေးများအား အံတော်ရှင် စေတီတော်ဝင်းအတွင်း ဆွမ်းဆန်စိမ်း၊ ဆေးနှင့် အသုံးအဆောင်ပစ္စည်းများ လောင်းလှူကြသည်။

ထို့နောက် ဓမ္မဗိမ္မာန်တော်၌ ရေစက်ချတရားနာ အလှူတော်မင်္ဂလာ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာမဏ္ဍိတ အဂ္ဂမဟာဇောတိကဓဇ ခေမာသီဝံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာ‌တော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။ ထို့နောက် တက်ရောက်လာကြသူများက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ဆရာတော် အရှင်သူမြတ်များထံ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)