မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၃

ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရမှ ဦးဆောင်၍ ပထမပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင်တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အား/ကာတိုက်တန်း လမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ကြသည်။    ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ်(၁)နှင့်(၂) လေ့ကျင့်ခန်းနှင့် Fitness Dance အကတို့ကို စုပေါင်းလေ့ကျင့်ကြကာ ပျော်ပွဲရွှင်ပွဲအဖြစ် ကံစမ်းမဲဖောက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြစ်ကြီးနားတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် အခြေခံပညာ အထက်တန်း အဆင့်သင် ဆရာ၊ ဆရာမများ၏ ဘာသာရပ်အလိုက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ် ၈၅ သိန်းကို ပေးအပ်ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)