မြစ်ကြီးနားမြို့၌ ဖရဲသီး‌များ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိ

မြစ်ကြီးနား   ဧပြီ  ၂၁

 

ကချင်ပြည်နယ်တွင် သီးနှံဈေးကွက်အတွင်း ဖရဲသီးများ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရသည်။

 

 “ဖရဲသီးကို အရင်က ဝိုင်းမော်မှာလည်း အစိုက်များတယ်၊ ဒီနှစ်မှာ စိုက်ပျိုးမှုနည်းသွားတယ်၊ ဒါ့ကြောင့် ဖရဲသီးဈေးကွက်မှာ နယ်ဝေးက ဖရဲသီးကို မှာယူရောင်းချနေရတယ်လေ၊ ကချင်ပြည်နယ်အတွင်းမှာဆိုရင် မိုးကောင်း၊ မိုးညှင်းနဲ့ ဗန်းမော်မြို့တွေမှာ စိုက်ပျိုးတာတွေကို မြစ်ကြီးနားမြို့ ဈေးကွက် တင်ပို့ရောင်းချတာတွေ ရှိတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့က တင်ပို့တာတွေလည်းရှိတယ်၊ လက်ရှိ စက်သုံးဆီဈေးကလည်း မြင့်တက်နေတော့ ခရီးစရိတ်၊ စိုက်ပျိုးစရိတ်တွေ မြင့်တက်တာလည်းပါတယ်၊ အရင်နှစ်‌တွေက ရောင်းချတဲ့ဈေးက အလုံးအရွယ် အစားလိုက် တစ်လုံး (၅၀၀) ကျပ်ကနေ အလုံးလှလှဆို (၄၀၀၀) ကျပ်အထိပဲ၊ အခုပြောသလို ကုန်ဈေးနှုန်းက အစစအရာရာ မြင့်တက်လာတော့ ဒီနှစ်မှာ အလုံးသေး (၃၀၀၀) ကျပ်ကနေ အလုံးကြီး (၈၀၀၀) ကျပ်အထိ ရောင်းချနေရတာပါ” ဟု ဖရဲသီးရောင်းချသူများက ပြောကြားသည်။

 

ကချင်ပြည်နယ်အတွင်း ယခုရက်ပိုင်းတွင် ဖရဲသီးဈေးကွက် ဈေးနှုန်းမြင့်မားနေသော်လည်း  ရောင်းအား ကောင်းလျက်ရှိကြောင်း မြစ်ကြီးနားမြို့ ဖရဲသီးဈေးကွက်မှ သိရသည်။

ခရိုင်(ပြန်/ဆက်)