မြစ်ကြီးနားမြို့နယ်၌ တရားမဝင်ရွှေတူးဖော်သူများနှင့် စက်လှေလေးစီး သိမ်းဆည်းရမိ

မြစ်ကြီးနား ၁၇ ဩဂုတ်

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ၌ ယမန်နေ့က တရားမဝင်ရွှေတူးဖော်သူ သုံးဦးနှင့်အတူ စက်လှေလေးစီး သိမ်းဆည်းရမိခဲ့ကြောင်း တာလောကြီးနယ်မြေရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ဩဂုတ် ၁၅ ရက်၊ မွန်းလွဲ ၃ နာရီခန့်က မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမြင့်အောင် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ မြစ်ကြီးနားခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြစ်ကြီးနားမြို့နယ် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြစ်ကြီးနားမြို့နယ် သတ္တုတွင်းလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တာလောကြီးကျေးရွာ၏ အနောက်ဖက် (၅)မိုင်ခန့်အကွာရှိ ခေါင်ဖူးရွာဟောင်းအင်းအတွင်း ရှောင်တခင်ဝင်ရောက်ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ နေရာတွင် တရားမဝင်ရွှေတူးဖော်နေသည့် ကျော်ငွေ (၃၆)နှစ်၊ ဝေစိုးအောင် (၁၉)နှစ်၊ နိုင်ဝင်း (၄၀)နှစ်တို့ကို စက်လှေလေးစီး၊ တရာမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆန်းဝင်းအောင် (၂၅)နှစ်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင်ရွှေတူးဖော်သူ ကျော်ငွေအပါအဝင် လေးဦးကို တာလောကြီးနယ် မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)