မြစ်ကြီးနားမြို့နယ်နှင့် မြို့အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၅  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စု၊ လွယ်ခေါကျေးရွာအနီး၊ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျော်လင်း (ခ) သောကြာ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ မှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၅၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အေးသာယာ(၁)လမ်းတွင် ရန်နိုင်စိုး နှင့် သိန်းတန် တို့ ၂ ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၉၅၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ မင်္ဂလာလမ်းတွင် ငှားရမ်းနေထိုင်သူ မအိအိထွေး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တင်မောင်ဝင်းအား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၅၀ ၊ ဘိန်းဖြူ ဘလောက်တုံး အခဲ သုည ဒသမ ၀၁၂ ကီလို ကိုလည်းကောင်း၊ ယင်းနေ့နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ မန္တလေး-လားရှိုးသွား ကားလမ်းတွင် သီဟအောင် (ခ) အောင်အောင် မောင်းနှင်လာသည့် Toyota Mark II  အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား