မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူးမွေးမြူရေး အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

 

မြစ်သား ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူးမွေးမြူရေး အထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သီဟမင်းက အမှာစကားများ အသီးသီးပြောကြားသည်။ ထို့နောက် မြစ်သားမြို့ မြို့မရဲစခန်းမှ စခန်မှူး ဒုရဲမှူးဇော်မင်းထွေးက လူငယ်များသည် မူးယစ်ဆေးဝါးများကို စူးစမ်းလိုသောကြောင့် လည်းကောင်း၊ အပေါင်းအသင်းများကြောင့် လည်းကောင်း မူးယစ်ဆေးဝါးအမျိုးမျိုး၊ ဆေးလိပ်၊ ကွမ်းယာများ စတင်သုံးစွဲခြင်းသည် လူညွှန့်တုံးစေသည်အထိ ဖြစ်စေနိုင်ကြောင်း၊ မူးယစ်ဆေးဝါးများကို အသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ကြရန် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလေးစာပေပွဲတော်များအကြောင်းကို လည်းကောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဟန်က လူငယ်နှင့်စည်းကမ်းအကြောင်း ဟောပြောပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
 
 
ဝါဝါမြင့်(မြစ်သား)