မဒါဂတ်စကား လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲ လူအုပ်လိုက်ပြုံတိုးမှုဖြစ်ပွား ၁၅ ဦးသေဆုံး၊ ၇၅ ဦး ဒဏ်ရာရ

၂၇ ဇွန်

ယမန်နေ့က မဒါဂတ်စကားနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ်အတွင်း လူအုပ်လိုက်ပြုံတိုးမှု ဖြစ်ပွားသဖြင့်  ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၇၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု  မဒါဂတ်စကား လက်နက်ကိုင်တပ်ဖွဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး Richard Ravalomanana က အတည်ပြုပြောကြားခဲ့သည်။

မဒါဂတ်စကားနိုင်ငံ ၅၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့သည့် မဟမစီနာ အားကစားကွင်းတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မဒါဂတ်စကား သမ္မတ Andry Rajoelina နှင့် အလည်အပတ်ရောက်ရှိနေသည့် ရဝမ်ဒါ သမ္မတ Paul Kagame တို့က မဒါဂတ်စကား သမ္မတနန်းတော်၌ ထိုလွတ်လပ်ရေးနေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်အတွင်း ယင်းသို့ဒဏ်ရာရ၊ သေဆုံးသူများ၏  မိသားစုဝင်များကို ဝမ်းနည်းစကား ပြောကြားခဲ့ကြသည်။

တစ်ချိန်ထဲမှာပင် အဆိုပါ ဒဏ်ရာရသူများ၏ ဆေးရုံကုန်ကျစရိတ်များကို နိုင်ငံတော်က ကျခံပေးမည် ဟု Andry Rajoelina က ကြေညာခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ကိုးရက်နေ့က မဒါဂတ်စကား နှင့် စီနီဂယ် တို့ဘောလုံးပွဲကျင်းပနေစဉ်အတွင်း ထိုအားကစားကွင်း ဝင်ပေါက်၌ လူအုပ်ပြုံတိုးမှုဖြစ်ပွားကာ တစ်ဦးသေဆုံး ပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို