မော်စကိုနှင့် ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်သောလေကြောင်းလိုင်း နှစ်ကုန်ပိုင်းတွင်ပြေးဆွဲနိုင်ရန် MAI ကြိုးပမ်းနေ

ရန်ကုန် ၊ မေ ၂၆
     
နိုင်ငံတော်၏စီးပွားရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေပြီး နိုင်ငံကြီးတစ်နိုင်ငံနှင့် ကုန်စည်စီးဆင်းမှုဈေးကွက်တစ်ခု ဖော်ဆောင်နိုင်ရန် မော်စကိုနှင့် ရန်ကုန်မြို့သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သော လေကြောင်းလိုင်း ယခုနှစ်ကုန်ပိုင်းတွင် ပြေးဆွဲနိုင်ရန် Myanmar Airways International( MAI)က ကြိုးပမ်းဆောင် ရွက်နေကြောင်း သိရသည်။

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် ဖက်ဒရယ်လေကြောင်းလိုင်း သယ်ယူ ပို့ဆောင်ရေးအေဂျင်စီအကြီးအကဲ Alexander Neradko တို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲမှုနှင့်စပ်လျဉ်း၍ ရုရှား လေကြောင်း အာဏာပိုင်က ပြင်ဆင်ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံအကြား လေကြောင်း ပြေးဆွဲမှု ဈေးကွက်အတွင်းသို့ ရုရှားလေကြောင်းလိုင်းများ ပြေးဆွဲနိုင်ရန်ဖိတ်ခေါ်မှု အစီအစဉ်များကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှ MAIလေကြောင်းလိုင်းအနေဖြင့် ယခု၂၀၂၂-ခုနှစ် နှစ်ကုန်ပိုင်းတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလေကြောင်းလိုင်းများ ပြေးဆွဲနိုင်ရန် မျှော်မှန်းလုပ်ဆောင်လျက်ရှိသည်။
     
“နိုင်ငံတော်ရဲ့လမ်းညွှန်မှုကိုခံယူပြီး ဝန်ကြီးဌာနတွေကိုလည်း အကူအညီ တောင်းခံ ထားတာရှိပါတယ်။ ရုရှားနိုင်ငံနဲ့ လေကြောင်းပြေးဆွဲနိုင်ဖို့ မြန်မာသံအမတ်ကြီးနဲ့ ရုရှား ဖယ်ဒရေးရှင်းအဖွဲ့နဲ့ စကားပြောဆိုနေတာရှိတယ်။ ပြေးဆွဲမယ့်အချိန်အတိအကျတော့ မသိသေးပါဘူး။ အတတ်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင် ကြိုးစားနေကြပါတယ်။ ကနဦး အနေနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်းပြေးဆွဲမယ်ဆိုရင် နိုင်ငံတော် ရဲ့ ထွက်ကုန်ပစ္စည်း မျိုးစုံအတွက်ဈေးကွက်တစ်ခုရရှိသွားမှာပါ။ နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ဖို့လည်း ရည်ရွယ်ပါ တယ်။ နှစ်နိုင်ငံကုန်တင်လေကြောင်းလိုင်း ပြေးဆွဲမှုအောင်မြင်ပြီး တစ်ဖက်နိုင်ငံက ခရီး သည်ပြေးဆွဲဖို့ တောင်းဆိုမှုရှိရင် MAI အနေနဲ့ ပြေးဆွဲဖို့ကြိုးစားသွားမှာပါ။ ဒီနှစ် မကုန်မီပြေးဆွဲနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု Myanmar Airways International မှ ကပ္ပတိန် ကျော်စိုးလှ က ပြောသည်။
     
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ပြည်တွင်း လေကြောင်းလိုင်းများ နေ့စဉ်ပြေးဆွဲလျက်ရှိပြီး ပြည်ပလေကြောင်းလိုင်းများလည်း ဝင်ရောက်လျက်ရှိသည်။ ယခင်က ပြည်ပလေကြောင်းလိုင်း (၁၇)လိုင်းနှင့်အထက် မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါကြောင့် ပြည်ပခရီးစဉ်လေကြောင်းလိုင်း ဝင်ရောက်မှု လျော့နည်းခဲ့သော်လည်း ကမ္ဘာ့နိုင်ငံများ၌ ခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံသို့ ပြည်ပလေကြောင်းလိုင်းများ ဇွန်လ ပိုင်းတွင် ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း MAI လေကြာင်းလိုင်းမှ သိရသည်။

ဓာတ်ပုံ - ကနူး