မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်က ပဲ့ထိန်း ဒုံးကျည်ရှစ်စင်း ပစ်လွှတ်

ဆိုးလ် ဇွန် ၆

 

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဇွန် ၅ ရက်က မြောက်ကိုရီးယား၏ လက်နက် စမ်းသပ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပဲ့ထိန်းဒုံးကျည် ရှစ်စင်းကို ယနေ့ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား တပ်မတော်က ပြောကြားသည်။ 

 

မဟာမိတ်နိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် မြေပြင်မှမြေပြင်ပစ် တပ်မတော် နည်းဗျူဟာဒုံးကျည်စနစ်များကို ယနေ့နံနက်အစောပိုင်းက အရှေ့ဘက်ပင်လယ် (သို့မဟုတ်) ဂျပန်ပင်လယ်ရှိ သတ်မှတ်ထားသည့်ပစ်မှတ်များသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က  ပြောကြားသည်။

 

အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်းပါဝင်သော တောင်ကိုရီးယားနှင့် အမေရိကန်တို့၏  ပူးတွဲစစ်ရေး လေ့ကျင့်မှုအဆုံးသတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ပဲ့ထိန်းဒုံးကျည် ရှစ်စင်းပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

 

ပဲ့ထိန်းဒုံးကျည်ဖြင့် မြောက်ကိုရီးယား၏ ဆက်တိုက်ရန်စမှုများကို မိမိတို့၏ တပ်မတော်အနေဖြင့် အခိုင်အမာ ရှုတ်ချပြီး ကိုရီးယားကျွန်းဆွယ်၌ စစ်ရေးတင်းမာမှုများ မြင့်တက်စေသည့်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် မြောက်ကိုရီးယားနိုင်ငံအား ပြင်းပြင်းထန်ထန် တိုက်တွန်းထားကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့က ပြောသည်။

 

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ယနေ့ဒုံးကျည်ပစ်လွှတ်မှုသည် တောင်ကိုရီးယားသမ္မတသစ် ယွန်းဆုခ်ယီယို လက်ထက်တွင် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

 

ပြီးခဲ့သည့်လတွင် မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းအပါအဝင် ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနှင့် အမေရိကန်တို့အနေဖြင့် ပူးတွဲဒုံးကျည်ပစ်လွှတ်မှုများပြုလုပ်ခဲ့ရာ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက ပထမကြိမ်မြောက် ပူးတွဲဒုံးကျည်ပစ်လွှတ်မှုဖြစ်လာခဲ့သည်။

 

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ