မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ်ဟု တောင်ကိုရီးယားတပ်မတော်ပြော

၁၆ သြဂုတ်


မြောက်ကိုရီးယားနိုင်ငံက ယနေ့နံနက်ပိုင်းတွင် အရှေ့ဘက်ပိုင်း ကမ်းရိုးတန်းအလွန်၌ ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားတပ်မတော်က ပြောကြားသည်။


မြောက်ကိုရီးယားနိုင်ငံ ဂန်ဝန်ပြည်နယ်မှ ဒုံးကျည်စမ်းသပ်မှုကို နှစ်ကြိမ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးရုံးချုပ်ရုံးက ပြောကြားခဲ့သည်။ 


အဆိုပါ ပစ်ခတ်မှုသည် ဂျပန်နိုင်ငံဆီသို့ ဦးတည်ပစ်ခတ်ခြင်းဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရီးယား တပ်မတော်တို့က ဒုံးကျည်ရောက်ရှိသည့် အကွာအဝေးနှင့် အမြင့်ကို ဆန်းစစ်လေ့လာလျက်ရှိသည်။


၎င်း၏ ပိုင်နက်သို့မဟုတ် သီးသန့်စီးပွားရေးဇုန်အတွင်း မည်သည့်ဒုံးကျည်များမှ ဝင်ရောက်လာခြင်းမရှိကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါ အဖြစ်အပျက်မှာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုမရှိကြောင်းလည်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။ 


အဆိုပါ တာတို ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုသည် ဇူလိုင်လအတွင်း မြောက်ကိုရီးယားနိုင်ငံက ခြောက်ကြိမ်မြောက် စမ်းသပ်ခြင်းဖြစ်သည်။
 

အင်္ဂါနေ့အထိ ပြုလုပ်ရန်စီစဉ်ထားသည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချလျက်ရှိသည်။


စစ်ရေးလေ့ကျင့်မှုများ ပြီးဆုံးလျင် ဒုံးကျည်ပစ်လွှတ်မှုများ ရပ်တန့်ပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေး စေ့စပ်ညှနှိုင်းမှုများ ပြုလုပ်မည်ဟု မြောက်ကိုရီးယားနိုင်ငံက အမေရိကန် တာဝန်ရှိသူများကို ကြိမ်ဖန်များစွာ အကြောင်းကြားခဲ့သည်။


မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ပြဿနာအဖြစ် ယူဆမထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ 


မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ပဲ့ထိန်းတပ်ဒုံးကျည်နည်းပညာတိုးတက်လာရန် အခွင့်အလမ်းအဖြစ် အမေရိကန်နိုင်ငံက အလျော့ပေးသည့် ရပ်တည်ချက်အပေါ် အသုံးချနေကြောင်း စစ်ရေးလေ့လာ သုံးသပ်သူများက ပြောကြားသည်။

      
ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်

 

12