မြောက်ကိုရီးယားကို ဖိအားပေးရန် အမေရိကန်အနေဖြင့် နည်းလမ်းများစွာရှိကြောင်း သမ္မတ ထရန့် ၏ အကြံပေး ပြော

၃၀ ဒီဇင်ဘာ

 

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုများကို ပြန်လည်စတင်မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုအနေဖြင့် တုံ့ပြန်ရန် နည်းလမ်းများစွာရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူက ပြောကြားခဲ့သည်။

 

ယခုနှစ်ကုန်တွင် အမေရိကန်ပြည်ထောင်စုက နျူကလီးယားလျော့ချရေးဆွေးနွေးပွဲများ မပြုလုပ်ပါက မြောက်ကိုရီးယားနိုင်ငံက  အရေးယူမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့ခြင်းကြောင့် တနင်္ဂနွေနေ့က ABC News နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ရောဘတ် အိုဘရိုင်ယန်က ထိုသို့ ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုကို ပေးပို့မည်ဆိုသည့် မည်သည့် ခရစ္စမတ်လက်ဆောင်ကိုမှ လက်ခံမည် မဟုတ်ကြောင်း မြောက်ကိုရီးယားနိုင်ငံကို  သတိပေးလိုက်သည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ၎င်း၏ ခြိမ်းခြောက်မှုကို ပြန်လည်စဉ်းစားရန် လိုအပ်ကြောင်းနှင့် ဝါရှင်တန်ဘက်မှ စောင့်ကြည်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံသည် တာဝေးပစ်ဒုံးကျည်များဆက်လက် လွှတ်တင်ခြင်း သို့မဟုတ် နျူကလီးယားစမ်းသပ်မှုများ ထပ်မံပြုလုပ်ပါက အမေရိကန်နိုင်ငံအနေဖြင့် အလွန်အမင်း စိတ်ပျက်မိကြောင်းနှင့် ထိုသို့ စိတ်ပျက်မှုကို ထုတ်ဖော်ပြသလိမ့်မည်ဖြစ်ကြောင်း အိုဘီယန်က ပြောကြားခဲ့သည်။

 

ဝါရှင်တန်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား ဖိအားပေးနိုင်သည့် နည်းလမ်းများစွာရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်