မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ကျင်းပမည်

ဂျီနီဗာ မေ ၁၁

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန် မေ ၁၁ ရက်တွင် အရေးပေါ် အစည်းအဝေး ကျင်းပရန် မျှော်လင့်ထားကြောင်း မေ ၁၀ ရက်နေ့ အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ အစည်းအဝေး ကျင်းပရေးနှင့်စပ်လျဉ်း၍ အမေရိကန် နိုင်ငံက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂသံတမန် သတင်းအရင်းအမြစ်များက ပြောကြားသည်။

 

မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အတွင်း ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ကြောင်းနှင့် ရေငုပ်သင်္ဘောပေါ်မှ ပစ်လွှတ်နိုင် သည့်ဒုံးကျည်အမျိုးအစားတစ်မျိုးကိုလည်း မေ ၇ ရက်တွင် ဂျပန်ပင်လယ်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် အဆိုပါမြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုများသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန်နိုင်ငံက ပြစ်တင်ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံအပေါ် တင်းကျပ်သည့်ပိတ်ဆို့အရေးယူမှုများကို ချမှတ်ရန် ဆုံးဖြတ်ချက် အသစ်များကိုလည်း ရေးဆွဲထားကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားအရေးနှင့် စပ်လျဉ်း၍ အခြားသောကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမက် ဂရင်းဖီးလ်က မေလအစောပိုင်းတွင် ပြောကြားခဲ့သည်။

 

သို့ရာတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေး ယူမှုများ ဖြေလျှော့ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်