မြောက်ကိုရီးယားနိုင်ငံက ဂျပန်ပင်လယ်သို့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

တိုကျို မေ ၄

မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဂျပန်ပင်လယ်ဘက်သို့ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဂျပန်အစိုးရက ယနေ့ပြောကြားသည်။

မြောက်ကိုရီးယားသည် အဆိုပါဒုံးကျည်ကို ပြုံယမ်းမြို့ရှိ ဆူနန်ဒေသမှ ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃ မိနစ်ခန့်က ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားတပ်မတော်၏ ပြောကြားချက်အရ သိရသည်။ 

အဆိုပါဒုံးကျည်သည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အပြင်ဘက်သို့ မကျရောက်မီ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၈၀၀ ကီလိုမီတာခန့်ဖြင့် ပျံသန်းကာ ကီလိုမီတာ ၅၀၀ ခန့်အကွာအဝေးကို ဖြတ်သန်းခဲ့သည်ဟု ယူဆရကြောင်း ဂျပန်ဒုတိယကာကွယ်ရေးဝန်ကြီး မာကိုတိုအိုနီကီက သတင်းထောက်များအား ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအစိုးရသည် ပြီးခဲ့သည့်လက ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အစိုးရပိုင်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ယင်းဒုံးကျည်ပစ်လွှတ်မှုများသည် အမျိုးအစားသစ်နည်းဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြထားသည်။

ထို့အပြင် မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာက ရုရှားနိုင်ငံ၏ ယူကရိန်းကျူးကျော်မှုအပေါ် အာရုံစူးစိုက် နေချိန်တွင် ပျံသန်းမှုကြာချိန်နှင့်အမြင့်အလိုက် အကြီးမားဆုံးပစ်လွှတ်မှုဖြစ်သည့်တိုက်ချင်းပစ်ဒုံးကျည်သစ် တစ်စင်းကိုလည်း မတ်လနှောင်းပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ 

ကိုးကား - ကျိုဒိုနယူးစ်
ဘာသာပြန် - ဂျေတီ