မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည်ရှစ်စင်း စမ်းသပ်ပစ်လွှတ်

ပြုံယမ်း ဇွန် ၆

 

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည်ရှစ်စင်း ဇွန် ၅ ရက်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း  တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များက ပြောကြားသည်။

 

အဆိုပါဒုံးကျည်များကို ဇွန် ၅ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၈ မိနစ်မှ ၉ နာရီ ၄၃ မိနစ်အတွင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ဒုံးကျည်များကို ပြုံယမ်းမြို့ရှိ ဆူနန်ဒေသ၊ တောင်ပြုံဂန်ခရိုင်ရှိ ကီချွန်ဒေသ၊ မြောက်ပြီဂန်ခရိုင်ရှိ တုံချန်ရီဒေသနှင့် တောင်ဟမ်ကျောင်ခရိုင်ရှိ ဟမ်ဟန်ဒေသတို့မှပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒုံးကျည်များသည် မြေပြင်အထက် အမြင့် ၂၅ မှ ၉၀ ကီလိုမီတာမှပျံသန်းသွားပြီး ၁၁၀ ကီလိုမီတာမှ ၆၇၀ ကီလိုမီတာအကွာအဝေးသို့ ရောက်ရှိခဲ့သည်။

 

တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ဒုံးကျည်ပစ်လွှတ်မှုအပေါ် အသေးစိတ်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မြောက်ကိုရီးယားနိုင်ငံက ယခုနှစ်အတွင်း ဒုံးကျည်အစင်းပေါင်း ၁၈ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ကိုရီးယားကျွန်းဆွယ် အနီး၌ တောင်ကိုရီးယားနှင့် အမေရိကန်နှစ်နိုင်ငံရေတပ်ဖွဲ့တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြီးနောက် တစ်ရက်အကြာတွင် ပြုံယမ်းက အဆိုပါဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်