မြောက်ကိုရီးယားနိုင်ငံ၌ အဖျားရောဂါတွေ့ရှိသူအရေအတွက် သိသိသာသာလျော့ကျလာ

ဆိုးလ် မေ ၃၀

 

မြောက်ကိုရီးယားနိုင်ငံ၌ အဖျားရောဂါတွေ့ရှိသူအရေအတွက် သိသိသာသာ လျော့ကျလာကြောင်းနှင့် ရောဂါကူး စက်မှုများကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူများက ဆိုသည်။

 

မြောက်ကိုရီးယားနိုင်ငံအတွင်း အဖျားရောဂါတွေ့ရှိမှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင်များက ယနေ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

နိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုများကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်သည့်အတွက် ရောဂါကူးစက်မှုနှုန်း များလည်း သိသိသာသာလျော့ကျလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

ခေါင်းဆောင်ကင်ဂျုံအန်ဦးဆောင်သည့် အဆိုပါအစည်းအဝေး၌ နိုင်ငံတစ်ဝန်း ကပ်ရောဂါထိန်းချုပ်ရေး အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် အပြုသဘောဆောင်သည့် အကဲဖြတ်မှုများကို လုပ်ဆောင်ပြီး ကူးစက်ရောဂါ  တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မေ ၂၉ ရက်တွင် အဖျားရောဂါ စစ်ဆေးတွေ့ရှိသူ ၈၉၅၀၀ ရှိပြီး သေဆုံး သူတစ်ဦးမျှမရှိကြောင်း သိရသည်။ အဆိုပါ အရေအတွက်သည် လွန်ခဲ့သော ၁၁ ရက်က တွေ့ရှိမှု လေးသိန်းနီးပါးထက် အရေအတွက်များစွာ လျော့ကျသွားသည်ကို တွေ့ရှိရသည်။

 

မေ ၂၈ ရက်တွင် အဖျားရောဂါ တွေ့ရှိသူ ၈၈၅၂၀ တွေ့ရှိရပြီး အဖျားရောဂါတွေ့ရှိ သူဦးရေ တစ်သိန်းအောက် ပထမဆုံး အကြိမ် ကျဆင်းလာကြောင်း သိရသည်။

 

ရောဂါကူးစက်မှုနှုန်း လျော့ကျစေ ရန်ရည်ရွယ်ပြီး နိုင်ငံအတွင်း၌ ခရီးသွားလာမှုကန့်သတ်ချက်များ ချမှတ်ကာ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရသည်။

 

သို့သော် ကာကွယ်ဆေးအပါအဝင် ဆေးဘက်ဆိုင်ရာ ပစ္စည်းထောက်ပံ့မှုများ ပြတ်လပ်နိုင်ဖွယ်ရှိသည့်အပေါ် စိုးရိမ် ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ လက်ရှိတွင် ပြည်သူ ၂၅ သန်းရှိသည့်အနက် ၃ ဒသမ ၃၆ သန်းသည် အဖျားရောဂါ ကူးစက်ခံထားရကြောင်းနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၆၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

ကိုးကား- စီအင်န်အေ

ဘာသာပြန်- အောင်ကျော်ကျော်