ပြုံယမ်း မတ် ၁၅
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပဲ့ထိန်းဒုံးကျည်အများအပြား စမ်းသပ်ပစ်ခတ်မှုကို ကြည့်ရှုအားပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ သတင်းဖော်ပြသည်။
ပြုံယမ်းသည် မကြာသေးမီက ပြုလုပ်ခဲ့သည့် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ရှုတ်ချခဲ့သည်။
ဒုံးကျည်များပစ်ခတ်လေ့ကျင့်မှုတွင် ပြင်းထန်တိကျသော လောင်ချာ ၁၂ လုံးကို အသုံးပြုပြီး တိုက်ချင်းပစ်ဒုံးကျည်များကို ပစ်ခတ်ခဲ့သည်။ အဆိုပါဒုံးကျည်အားလုံးသည် ကီလိုမီတာ ၃၆၀ အကွာရှိ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း ကိုရီးယားဗဟိုရုပ်မြင်သံကြားက ယနေ့ သတင်းဖော်ပြ ခဲ့သည်။
ကင်ဂျုံအန်၏ သမီးသည် အဆိုပါဒုံးကျည်ပစ်ခတ်မှုကို လာရောက်ကြည့်ရှုခဲ့သည့် မှတ်တမ်းတင်ဗီဒီယိုဖိုင်ကို ကိုရီးယားဗဟိုရုပ်မြင်သံကြားက ရိုက်ကူးတင်ဆက်ပြသခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ကီလိုမီတာ ၄၂၀ အကွာအဝေးအတွင်း ရန်သူပစ်မှတ်များကို ဖျက်ဆီးရန် နည်းဗျူဟာမြင့် နျူကလီးယားလက်နက်၏ အဖျက်စွမ်းအားကို ပြသနိုင်ရန်ဖြစ်ကြောင်း ကင်ဂျုံအန်က ပြောကြားသည်။
မြောက်ကိုရီးယားသည် မြို့တော်ပြုံယမ်းအနီးမှ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းကျော်ကို ဂျပန်ပင်လယ်ဘက်သို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားတပ်မတော်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံက မတ် ၉ ရက်မှ ၁၂ ရက်အထိ အမေရိကန်နှင့် ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


