မြောက်ကိုရီးယားနှင့် အမေရိကန်တို့ အလုပ်သဘော ဆွေးနွေးပွဲများ ကျင်းပမည်

ပြုံယမ်း ၁  အောက်တိုဘာ

မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် နျူကလီးယား အပြီးတိုင်ဖျက်သိမ်းရေးနှင့်စပ်လျဉ်း၍ အလုပ်သဘောအဆင့် ဆွေးနွေးပွဲများကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား က ယနေ့တွင် ပြောကြားခဲ့သည်ဟု အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်က ဖော်ပြထားသည်။

မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေ၏ အစီရင်ခံစာကို မြောက်ကိုရီးယားနိုင်ငံပိုင် ဗဟိုသတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအတွက် အောက်တိုဘာ ၄ ရက်တွင် ပဏာမဆက်သွယ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့ရာတွင် မြောက်ကိုရီးယားနှင့် အမေရိကန်တို့အကြား ပြုလုပ်မည့်ဆွေးနွေးပွဲများကို မည်သည့်နေရာတွင် ကျင်းပမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိခဲ့ပေ။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် အလုပ်သဘောအဆင့် ဆွေးနွေးပွဲများပြုလုပ်ရန် အသင့်အနေအထားတွင်ရှိကြောင်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချိုက ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများသည် မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့အကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးများ၏ တိုးတက်မှုကို ဖြစ်စေလိမ့်မည်ဟုလည်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချိုက မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်