မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒ၏ သက်တော်(၆၃)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော် မင်္ဂလာကျင်းပ

စစ်တွေ      စက်တင်ဘာ  ၂၃

 

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ကျေးဇူးတော်ရှင် မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒ၏ သက်တော် (၆၃)နှစ်ပြည့် ဝိဇာတ မွေးနေ့အလှူတော် မင်္ဂလာပွဲအဖြစ် သံဃာတော်(၆၃)ပါး အား ဆွမ်းနှင့်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါမြောက်ဦးဓမ္မစင်တာ (ယာယီဓမ္မာရုံ)၌ ကျင်းပရာ ရဟန်းသံဃာတော်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင်များက မြောက်ဦးဆရာတော်အား ဖူးမြော်ကာ ပြည်နယ်အစိုးရအဖွဲ့မှ ဆရာတော်၏ သက်တော်(၆၃)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ပွဲတော်နှင့် ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေ ငွေကျပ်သိန်း ၂၀ အားဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဆရာတော်၏ သက်တော်(၆၃)နှစ်ပြည့်ဝိဇာတမွေးနေ့အဖြစ် သံဃာတော်(၆၃)ပါးအား ဆွမ်းနှင့်ဝတ္ထုပစ္စည်းများလောင်းလှူပွဲသို့ တက်ရောက်ပြီး ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများကို လောင်းလှူကြသည်။

 

ဆရာတော်ကြီး၏ သက်တော်(၆၃)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲတော်တွင် နံနက်ပိုင်း၌ သံဃာတော် (၆၃)ပါးတို့အား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများလောင်းလှူခြင်း၊ ဝိဇာတမွေးနေ့ပူဇာအခမ်းအနားတွင် ပင့်သံဃာ(၂၈)ပါးတို့အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်ရှိ အိမ်ထောင်စု (၅၀၀)ကျော်အား ဆန်၊ ဆီ၊ ကြက်သွန်၊ မီးခြစ်နှင့် ငွေကျပ် ၅၀၀၀ စီတို့ကို လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)