မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခ)ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေအား စာရင်းကောက်ယူဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဦး  မေ ၂၀

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေအား စာရင်းကောက်ယူနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာသော ဗိုလ်ချုပ် သောင်းထိုက်ရွှေမှ မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်အတွင်း ရုံးအဆောက်အဦများ၊ ဆေးရုံ၊ဆေးပေးခန်းများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ စသော လုံးဝပျက်စီးသွားသည့် အဆောက်အဦများ၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် အဆောက်အဦများကို စာရင်းကောက်ယူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ပြီးနောက် နယ်မြေခံတပ်မမှူးမှလည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများအကြောင်းကို ရှင်းလင်းပြေကြားခဲ့ပြီး ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်မှလည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်အခြေအနေနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းအချက်အလက်များ စာရင်းကောက်ယူမှု အခြေအနေတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ နယ်မြေခံတပ်မှူး၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကော်မတီအလိုက် လိုအပ်သည်များကို ရှင်းလင်းပြောကြားရာ ဗိုလ်ချုပ် သောင်းထိုက်ရွှေမှ ကော်မတီအလိုက် ရှင်းလင်းပြောကြားမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

မြင့်စိုး(ပြန်/ဆက်)