မြောက်ဦးမြို့နယ်၌  သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကျန်းမာရေးအသိပညာပေး ဟောပြော

မြောက်ဦး ၂၆ မေ

မိုးဦးရာသီတွင် အဖြစ်များတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ကူးစက်ရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် သပြေကန်ကျေးရွာနှင့် တိမ်ညိုကျေးရွာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး စခန်းနီးနားပတ်ဝန်းကျင်အား ဆေးဖျန်းပေးခြင်းနှင့် ကြိုတင်ကာကွယ်နှိမ်နင်းရေး ကျန်းမာရေး အသိပညာပေးဟောပြောမှုများကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရှိရသည်။

 

8811

 

အဆိုပါကွင်းဆင်းဟောပြောမှုကို မြောက်ဦးမြို့နယ်၊ တိမ်ညိုတိုက်နယ်ဆရာဝန် ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကာ ခရိုင်(ရပကန)အဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ သပြေကန်ကျေးရွာနေ ပြည်သူများနှင့် တိမ်ညိုကျေးရွာ ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများကို ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူတစ်ဦးမှ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါများအကြောင်းနှင့် သိထားသင့်သည့် ရောဂါလက္ခဏာများ၊ ယင်အန္တရာယ်ကြောင့် ကူးစက်တတ်သည့် ဝမ်းပျက်၊ ဝမ်းလျှော ကူးစက်မြန်ရောဂါများနှင့် သက်ဆိုင်သော လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့သွားရောက်၍ အမြန်ဆုံး ဆေးဝါးကုသမှုများ ခံယူကြရန် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးများ ဆွေးနွေးဟောပြောကာ ကျန်းမာရေးဝန်ထမ်းများမှ အဆိုပါ ကယ်ဆယ်ရေးစခန်းနှင့် စခန်းအနီးအနားပတ်ဝန်းကျင်ကို မာလာသီယွန်ဆေးများ ဖျန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)
မြောက်ဦး

 

3575