မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆေးရုံအခြေပြု ပထမအကြိမ်စတင်ထိုးနှံ

မြောက်ဦး၊   ၂၇   ဇန်နဝါရီ

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ လတ်တလောအသက်ရှူလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် ဆေးရုံအခြေပြု စတင်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီး၌  စုရပ်အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် စတင်ထိုးနှံခြင်းအား ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ်စတင်ထိုးနှံရာတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်သန်း အပါအဝင် သမားတော် များနှင့် ဆေးရုံဝန်ထမ်း ၁၂၀ အား ပထမအကြိမ် ကာကွယ်ဆေးစတင် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ဇန်နဝါရီ  ၂၈ ရက်နေ့တွင်လည်း ကျန်းမာရေးဝန်ထမ်း ၁၅၀ နှင့် COIVID-19 ရောဂါ ကာကွယ် စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း ၂၉ ဦးတို့အား လည်းကောင်း၊ မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန စသည့် ဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုများအား ဖေဖော်ဝါရီလ ၅ ရက်မှစတင်၍ ပထမအကြိမ် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)