မော်လ်ဒိုက်၌ကျင်းပသည့် ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဆီမီးဖိုင်နယ် တက်ရောက်

မော်လ်ဒိုက် ၂၁ စက်တင်ဘာ

မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် International Future Series  ကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ လက်စွမ်းပြကစားပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

သက်ထားသူဇာသည်  တစ်ဦးချင်းပြိုင်ပွဲအပြင် နှစ်ယောက်တွဲပြိုင်ပွဲပါ ယှဉ်ပြိုင်ခဲ့ပြီး နှစ်ယောက်တွဲပြိုင်ပွဲတွင် အရေးနိမ့်ခဲ့သော်လည်း တစ်ဦးချင်းပြိုင်ပွဲတွင် နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။ သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် သီရိလင်္ကာ ကစားသမား ပရာမိုဒီကာနှင့်တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သက်ထားသူဇာသည် လက်ရည်အသာဖြင့် ကစားကာ ၂၁-၁၅ မှတ်၊ ၂၁-၁၂ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင်အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲအပြင် အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင်လည်း မြန်မာကစားသမား လှိုင်မွန်ကြူနှင့်တွဲဖက်၍ ယှဉ်ပြိုင်ခဲ့ရာ ပထမအဆင့်တွင် သီရိလင်္ကာအတွဲကို ရှုံးနိမ့်ခဲ့သည်

သက်ထားသူဇာသည် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ဆီဒင် ၁ သတ်မှတ်ခံထားရပြီး ဆီမီးဖိုင်နယ်တွင် ဆီဒင် ၄ ရထားသည့် အိန္ဒိယကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် အိန္ဒိယ ကစားသမား ရှုရူတီနှင့် တွေ့ဆုံနေပြီး စက်တင်ဘာ ၂၁ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်ဓာတ်ပုံ - ဖိုးသော်ဇင်