မော်လမြိုင် အချုပ်ထောင်သစ် တည်ဆောက်ပြီးစီးမှု မွန်ပြည်နယ် ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇွန် ၂၃

 

မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ  (၄/ ၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၂ ရက်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်အမှာစကားပြောကြားသည်။

 

ထို့နောက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးက လိုင်စင်ဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၃ ရက် နံနက်ပိုင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် မော်လမြိုင် အချုပ်ထောင်သစ် တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက မော်လမြိုင် အချုပ်ထောင်သစ်၊ ဗဟိုကင်း သုံးထပ်အဆောက်အအုံ၊ အကျဉ်းသား နှစ်ထပ်အိပ်ဆောင်၊ ထမင်းစားဆောင်၊ ခြံစည်းရိုးကာရံခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှုနှင့် ပင်မအုတ်ရိုး တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က  သတ်မှတ်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန် မှာကြားကာ အချုပ်ထောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)