မော်လမြိုင်ကျွန်းမြို့နယ်တွင် လေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

မော်လမြိုင်ကျွန်း မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးဖြစ်ပေါ်လာပါက  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို မေ ၁၂ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင်  အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးအောင်နိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ စားသောက်ကုန် ရောင်းချသူများ တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် မြို့ပေါ်တွင် ရောက်ရှိနေကြသည့် လေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဗိုလ်မှူးကြီးအောင်နိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းနှင့် စာသင်ကျောင်း တစ်ကျောင်း၊ ကျွန်းငယ်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း စုစုပေါင်း ၁၅ နေရာတွင် လာရောက်ပြောင်းရွှေ့နေထိုင်ကြသည့် လေဘေးရှောင်ပြည်သူ ၅၈၀ အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငံပြာရည်ကြော်၊ ဆန်စက်လုပ်ငန်းရှင်များမှ ဆန် ကိုးအိတ်နှင့် ကြက်ဥ အလုံး ၂၀၀၊ မြို့နယ်ဆီလုပ်ငန်းရှင်များမှ စားဆီ ၁၅ ပိဿာတို့ကို သွားရောက်ထောက်ပံ့ ပေးအပ်ကြပြီး တပ်မတော် ဆေးတပ်အဖွဲ့မှ လေဘေးရှောင်ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)