မော်လမြိုင်မြို့၌ အုတ်တံတိုင်းပြိုကျရာမှ ငါးဦးသေဆုံး

မော်လမြိုင်         ဇူလိုင်        ၂၂

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ မာလာဝင်း၊ တောင်ရိုးတန်းလမ်းတွင် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက  အထက(၅)ကျောင်း၏ အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် အုတ်တံတိုင်းအနီး လက်ဖက်ရည်ဆိုင်ရှိ အမျိုးသား နှစ်ဦး၊ အမျိုးသမီး သုံးဦး သေဆုံခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ကာ လူမှုကယ်ဆယ်ရေးအသင်းမှ ယာဉ်များဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

 

မြေပြိုမှုဖြစ်ပွားရာသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ လာရောက် ကြည့်ရှုခဲ့ကြပြီး မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်/ မြို့နယ် မီးသတ်စခန်းတို့မှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်း လူမှု ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မော်လမြိုင် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ အဖြူရောင် တွဲလက်လူမှု ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ ရွှေတောင်ရပ်ကွက် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ ရာမညလူမှု ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)