မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ကျဆင်းရေး အသိပေးညွှန်ကြားချက်များ လိုက်လံနှိုးဆော်

မော်လမြိုင် သြဂုတ် ၇

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကိုဗစ်−၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက် ပျံ့နှံ့မှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာကြရေး အသိပေးနှိုးဆော်ခြင်းကို ဩဂုတ် ၆ ရက် ည ၇ နာရီက ကော့နှတ်ကျေးရွာ၌ မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်ကာ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်၊ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများလိုက်နာရမည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း Mask တပ်ဆင်ပြီး  မျက်နှာအကာ face Shield ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် ဆေးကြောရန်၊ အပြင်မှပြန်လာပြီးတိုင်း ပါးစပ်၊ နှာခေါင်းစည်း Mask များ နေအိမ်ပြင်ပတွင် စနစ်တကျ စွန့်ပစ်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် လိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမှသာ ကူးစက်ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)