မော်လ်တာ ဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်မည် 

၂ ဒီဇင်ဘာ


စာနယ်ဇင်းသမားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဇန်နဝါရီလလယ်တွင် ရာထူးမှနှုတ်ထွက်မည်ဖြစ်ကြောင်း မော်လ်တာ ဝန်ကြီးချုပ် ဂျိုးဆက် မူကတ် က ထုတ်ပြန်ကြေညာခဲ့သည်။


၂၀၁၇ ခုနှစ် အောက်တိုဘာလက ကားဗုံးပေါက်ကွဲမှုကြောင်း သတင်းထောက် ဒါဖီ ကာယူအနာ ဂါလီဇာ သေဆုံးခဲ့သည်။


၎င်းသည် နိုင်ငံရေးအကျင့်ပျက်ချစားမှုနှင့်ပတ်သက်ပြီး နှစ်ပေါင်း ၃၀ တိုင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ  ရေးသားဖော်ပြခဲ့သည်။


အဆိုပါကားဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသူ လေးဦးကို စွဲချက်တင်ခဲ့သည်။


ထိုဝန်ကြီးချုပ်၏ ထိပ်တန်းလက်ထောက်တစ်ဦးနှင့် ဝန်ကြီးအဖွဲ့ဝင် ဝန်ကြီးတစ်ဦးတို့သည်  ရဲတပ်ဖွဲ့၏စုံစမ်းမေးမြန်းမှုခံရပြီးနောက်ပိုင်းတွင်  ရာထူးမှနှုတ်ထွက်သွားခဲ့ကြသည်။


မူကတ် ရာထူးမှ ချက်ချင်းနှုတ်ထွက်ရေး တောင်းဆိုမှုများသည် ပြည်သူလူထုအကြား ကြီးထွားလာသည်။ ခေါင်းဆောင်အသစ် ရွေးချယ်မှုစတင်လုပ်ဆောင်ရန် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အစိုးရလေဘာပါတီ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်မည်ဖြစ်သည်။ ပြီးနောက် ရက်အနည်းငယ်အကြာ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်မည် ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။


သို့သော်လည်း မူကတ် ဝန်ကြီးချုပ်ရာထူးဖြင့် တစ်လကျော်အကြာရှိနေမည့် အစီအစဉ်သည် ရာထူးမှ ချက်ချင်းနှုတ်ထွက်ပေးရန် တောင်းဆိုသည့် နိုင်ငံသားများအတွက် အားမလိုအားမရ ဖြစ်စေခဲ့သည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို