မောင်းသူမဲ့လေယာဉ်ကို ပစ်ချမှုမှာ ကြီးမားသည့်အမှားကို အီရန်က ကျူးလွန်ခြင်းဟု ဒေါ်နယ်ထရန့် ပြော

အမေရိကန်နိုင်ငံ၏ မောင်းသူမဲ့ လေယာဉ်တစ်စင်းကို အီရန်နိုင်ငံက ပစ်ချမှုမှာ ကြီးမားသည့် အမှားကို ကျူးလွန်ခြင်းဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။ 

ကြာသပတေးနေ့က အိမ်ဖြူတော်တွင် သတင်းထောက်များကို ထရန့်က မှတ်ချက်ပေးခြင်းဖြစ်သည်။ အီရန်နိုင်ငံ၏ လေပိုင်နက်အတွင်းမှ အမေရိကန်နိုင်ငံ၏ ထောက်လှမ်းရေး မောင်းသူမဲ့ ဒရုန်းလေယာဉ်ကို ကြာသပတေးနေ့ အစောပိုင်းက ပစ်ချခဲ့သည်ဟု အီရန်နိုင်ငံတော်လှန်ရေးအစောင့်တပ်ဖွဲ့က ဆိုသည်။


အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် နိုင်ငံတကာ ရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည်ဆိုသည့်အချက်ကို ထရန့်က လက်မခံပေ။ အီရန်နိုင်ငံဘက်မှ လူများ၏ အမှားဖြစ်နိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ 

 

mdn

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သို့ တုံ့ပြန်မည်နည်းဟုမေးမြန်းရာ “မင်းတွေ့လိမ့်မယ်” ဟု ထရန့်က ပြောကြားသည်။

Global Hawk စောင့်ကြပ်ရေး မောင်းသူမဲ့လေယာဉ် ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း အမေရိကန်တပ်မတော်က အတည်ပြု ပြောကြားထားသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်မှာ တာဝန်ချိန်အတွင်း အီရန် လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း အမေရိကန်တပ်မတော်ကဆိုသည်။ 

အဆိုပါ မောင်းသူမဲ့ လေယာဉ်ကို တိုက်ခိုက်မှုကြောင့် တီဟီရန်နှင့် ဝါရှင်တန်တို့အကြား တင်းမာမှုများ ထပ်မံမြင့်တက်လာနိုင်သည်။  

ဟော်မုဇ်ရေလက်ကြားအနီးတွင် ရေနံတင်သင်္ဘောနှစ်စင်းတိုက်ခိုက်ခံရမှုမှာ အီရန်နိုင်ငံ၏ လက်ချက်ဖြစ်ကြောင်း တုံ့ပြန်ရန်အတွက် ပြီးခဲ့သည့်အပတ်က အရှေ့အလယ်ပိုင်းဒေသသို့ နောက်ထပ်တပ်ဖွဲ့ဝင် ၁၀ဝ၀ စေလွှတ်မည်ဟု အမေရိကန်နိုင်ငံက ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်