မောင်တော၊ ပင်လောင်းနှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၄  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်  ၁၃ ရက် ည ၁၁ နာရီတွင်  မောင်တောမြို့နယ်၊ ဘာဆူဘကျေးရွာအနီးတွင် အာယုပ်ခါန် မောင်းနှင်လာသည့် သုံးဘီးမော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စုစုပေါင်း ငွေကျပ် ၁,၃၁၆ ဒသမ ၂၅ သိန်း တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၇၅၀ ကိုလည်းကောင်း၊  ထိုနေ့ ညနေ ၅ နာရီခွဲတွင် ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာအနီး၊ ပင်လောင်း - မှော်ဘီသွား ကားလမ်းတွင် ကျော်ရွှေမောင်းနှင်ပြီး မောင်လိန် လိုက်ပါလာသည့် HONDA CRV အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၉,၀၀၀  ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ မြို့ရှောင် လမ်းတွင် ရန်ရှောဟုန် (ခ) အားရန် မောင်းနှင်လာသည့် TOYOTA Crown အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား