မောင်တောမြို့၌ မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် တာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက် 

မောင်တော မေ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် တာ၀န်ရှိသူများက မေ ၁၂ ရက် ညနေပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်း ဘေးအန္တရာယ်ကျရောက်လာပါက ရေကြီးလွမ်းမိုးနိုင်သဖြင့် ရွှေဇားကျေးရွာအုပ်စု၊ ဟိန္ဒူကယ်ဆယ်ရေး စခန်းမှ ဟိန္ဒူဘာသာ၀င် အိမ်ထောင်စု ၁၁၅ စု၊ လူဦးရေ ၉၀၀ ကျော် ဘေးလွတ်ရာနေရာသို့ ရွေ့ပြောင်းလာသဖြင့်  ပြောင်းရွေ့လာသည့် ပြည်သူများအား နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက သွားရောက်တွေ့ဆုံအားပေးပြီး မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေး အသိပညာပေးပြောကြားကာ  ရိက္ခာများ ထောက်ပံ့ပေးသည်။ 

ဆက်လက်၍ မောင်တောမြို့ပေါ်မှ မုန်တိုင်ဘေးအန္တရာယ် ကင်းလွတ်ရာ ၃ မိုင်သို့ ရွေ့ပြောင်းထားသော ပြည်သူများအား အားပေးစကားပြောကြားပြီး မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးကာ စားနပ်ရိက္ခာများ ထောက်ပံ့ပေးသည်။ ထို့နောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အရေးကြီး စာရွက်စာတမ်းများအား ရေဘေးကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းဆောင်ရွက်သည်။ ညနေပိုင်းတွင် ခရိုင်သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌသည် ကော်မတီ၀င်များ၊ မြို့ပေါ်ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လုပ်ငန်းညှိနိုင်းအစည်းအဝေး ပြုလုပ်ပြီး ဌာနဆိုင်ရာများ အနေဖြင့် အရေးကြီးသည့် စာရွက်စာတမ်းများနှင့် စက်ပစ္စည်းများ၊ ၀န်ထမ်းများနှင့် ၎င်းတို့၏ မိသားစု၀င်များအား ဘေးလွတ်ရာ သတ်မှတ်နေရာများသို့ ပြောင်းရွေ့စေရန်နှင့် မြို့ပေါ်ရှိ ပြည်သူများအား ဘေးလွတ်ရာ နေရာများသို့ အမြန်ဆုံး ပြောင်းရွေ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြောင်းရွှေ့နိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူးများအား  မှာကြားခဲ့သည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)