မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် ၂၃ မတ်
          

မောင်တောမြို့နယ်၊ အငူမော်-မောင်တောသွား ကားလမ်းတွင် ယာဉ်တစ်စီးပေါ်မှ တန်ဘိုးငွေကျပ် (၃၄၉၀၅)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား   ၁၇ သိန်းကျော်ကို မတ် ၂၀ ရက်ညနေပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
        

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ပူပေါင်းအဖွဲ့သည် သတင်းအရ မတ် ၂၀ ရက် ညနေ ၄ နာရီခန့်တွင် အငူမော်-မောင်တောသွား ကားလမ်းတွင် အငူမော်ဘက်မှ မောင်တောဘက်သို့ ယာဉ်မောင်း အေးမင်းအောင် မောင်းနှင်လာသည့် TOYOTA Gaia ယာဉ်အား ရှာဖွေစစ်ဆေးရာမှ WY/R စာတန်းပါ စိတ်ကြွရူး သွပ်ဆေးပြား (၁၇၄၅၂၅၀) ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။


ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ယာဉ်မောင်း အေးမင်းအောင်အား အင်းဒင်နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 


(သတင်းစဉ်)