မောရှမ်းဒေသမှသည် ကန္ဒာရဝတီ ငွေတောင်ပြည်သို့

၂၀  သြဂုတ်

မဲနယ်တောင်တန်း လှမ်းကာငေးမိ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပန်ပက်ဒေသနှင့် ထိုဒေသ၌ မှီတင်းနေထိုင်လျက်ရှိကြသော ကယန်း (ပဒေါင်) တိုင်းရင်းသားသွေးချင်းများ၏ ယခင်နှင့်ယခု ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများကိုရေးသားတင်ပြရန် အကြောင်းဖန်လာခဲ့သည်။ ထိုသောအခါ နေပြည်တော်မှ လွိုင်ကော်သို့ထွက်ခွာရန် လမ်းကြောင်းရွေးရပါတော့မည်။ ပင်လောင်းလမ်းခွဲမှ လိန်းလီတံတားကိုဖြတ်၍ ဖယ်ခုံ၊ မိုးဗြဲမှတစ်ဆင့် လွိုင်ကော်သို့သွားရောက်နိုင်သည်။ ဒုတိယလမ်းတစ်သွယ်ကမူ ရမည်းသင်း- ပျော်ဘွယ် လမ်းခွဲ ဘုရားငါးဆူ-ယင်းမာပင် လမ်းဟောင်းအတိုင်းသွားကာ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်ကိုဖြတ်၍ တောင်ကြီးမှ မွေတော်ကက္ကူ- ဆိုက်ခေါင်သို့ပြန်ဝင်ပြီး ဆီဆိုင်-ထီးစဲခါး-လွိုင်လင်လေး-လွိုင်ကော်ခရီးပဲဖြစ်ပါသည်။ ကျွန်တော်ပင်လောင်းလမ်းကို မရွေးချယ်ခဲ့ပါ။ အတက်၊ အဆင်းများပြီး ကားမောင်းရတာ အလွန်ပျင်းစရာကောင်းသောကြောင့် ဖြစ်သည်။ ဒုတိယလမ်းဖြစ်သော တောင်ကြီး- မွေတော်-ကက္ကူလမ်းအတိုင်းလည်း မသွားဖြစ်ခဲ့ပါ။ ဆိုက်ခေါင်ကိုတော့ ဖြတ်မည်။ ထိုသို့ဖြတ်ပြီးသွားရန် အတွက် မူလလမ်းဟောင်းဖြစ်သော တောင်ကြီး- ဟိုပုံး- ဆိုက်ခေါင်- ဆီဆိုင်- ထီးစဲ့ခါး- လွိုင်လင်လေး- လွိုင်ကော်လမ်းအတိုင်းသာ မောင်းနှင်ရင်း ထွက်ခွာလာခဲ့ခြင်းဖြစ်၏။ အမှန်အတိုင်းပြောရပါမူ ထိုကဲ့သို့ ရှည်လျားသော လမ်းကြောင်းကိုမှ ရွေးချယ်ဖြစ်ခဲ့ခြင်းမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ဟိုပုံး-နမ့်ခုတ်-နောင်မွန်-ဘန်းယဉ် အစရှိသော မြို့ရွာများကို ဖြတ်သန်းမောင်းနှင်ရင်း မဲနယ်တောင်တန်းကြီးအား လှမ်း၍ငေးမောကြည့်ရှုလိုသောကြောင့်ပါတည်း။

ပအိုဝ်းဒေသနှင့် တပ်မတော်သားဘဝအမှတ်တရများ

၁၉၈၁ ခုနှစ်မှာ စစ်တက္ကသိုလ်ဗိုလ်သင်တန်းဆင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)က လဲချား၊ မိုင်းကိုင်၊ မိုင်းနောင်ဒေသကို စတင်ရောက်ရှိသည်။ ထိုမှ နောက်နှစ်နောက်နှစ်တွေမှာ ပအိုဝ်းဒေသများဖြစ်သော ဆီဆိုင်၊ ဟိုပုံး၊ ကျောက်တန်းဒေသများအပြင် မဲနယ်တောင်တန်း ကြီးပေါ်က ပချားကလို့၊ ကျောက္ကချား ကျေးရွာများဆီသို့ တက်ချီ၊  ဆင်းချီပြုခဲ့ရသည်။  ကျွန်တော်ပြောခဲ့သော ကားလမ်းပေါ်က နမ့်ခုတ်၊ နောင်မွန်၊ ဘန်းယဉ်၊ ဆိုက်ခေါင်ဒေသများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ကားလမ်းအရှေ့ခြမ်းမှ လွယ်ပွတ်၊ ထွေပူး အစရှိသည့် ကျေးရွာများဆီသို့လည်း ဝင်ဟယ်၊ ထွက်ဟယ် ရှိခဲ့သည်။ ဆိုတော့ကာ  လက်ရှိ  ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှ မြို့ရွာများသည်လည်းကောင်း၊ ဟိုးအရှေ့ယွန်းယွန်းဆီက မဲနယ်တောင်တန်းကြီးသည် လည်းကောင်း၊ ကျွန်တော်တပ်မတော်သားဘဝ စတင်ခဲ့သည့်  ၁၉၈၀ ပြည့်နှစ်လွန်နှစ်များကတည်းက ရင်းနှီးကျွမ်းဝင် သံယောဇဉ်ကြီးခဲ့ရသော နေရာဒေသများဖြစ်ခဲ့ကြသည်။  ကျွန်တော်နှင့် ပအိုဝ်းဒေသ၏ ရေစက်ဆုံမှုက ဒီလောက်နှင့်ပဲ ရပ်တန့်မသွားခဲ့။ နတလဝန်ထမ်းဘဝမှာ မိမိဝန်ကြီးဌာနက ခွင့်ပြုပေးထားသော နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးရင်း ပြန်လည်ခြေချခွင့်ရခဲ့သည်။ ပွန်ချောင်းရေကို သောက်ခဲ့မိလေလျော့ထင့်။

ပအိုဝ်းဒေသထဲက ဖွံ့ဖြိုးရေးလုပ်ငန်းများ

ဟိုပုံးမြို့မြောက်ခြမ်းမှာရော၊ ဟိုပုံး-ဆီဆိုင်ကားလမ်း ဝဲ၊ ယာတစ်လျှောက်မှာရော နတလက ဆောင်ရွက်ပေးထားသည့် လမ်း/တံတားလုပ်ငန်းတွေ၊ လျှပ်စစ်မီးလင်းရေး စွမ်းအင်လုပ်ငန်းတွေ၊ ရေရရှိရေး လုပ်ငန်းတွေ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေ၊ ပညာ/လေ့ကျင့်ဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ်ပေးထားသော လူငယ်သင်တန်းကျောင်း၊ အိမ်တွင်းမှုကျောင်းတွေက လက်ညှိုးထိုးမလွဲ ရှိနေသည်။ ထိုအထဲတွင်မှ ကားမောင်းပြီး မြို့တစ်မြို့၊ ရွာတစ်ရွာကိုဖြတ်တိုင်းဖြတ်တိုင်း ခေါင်းထဲမှာ ပေါ်လာတတ်သော၊ ကျွန်တော်ကိုယ်တိုင်လည်း ရောက်ဖူး၊ မြင်ဖူး၊ ဆောင်ရွက်ပေးခဲ့ဖူးသော လုပ်ငန်းများကိုသာ အမှတ်တရ ပြန်လည်ပြောပြချင်ပါသည်။  ကြည့်လေ  ဟိုပုံးမြောက်ဘက်ခြမ်းဆီက  ကျောက်တန်းဆိုသော    ကျေးရွာလေးမှာ  အဘ  ဦးအောင်ခမ်းထီတို့ PNO အဖွဲ့  တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သော ၁၉၉၁ ခုနှစ်စွန်းစွန်းမှာပင် တိုက်နယ်ဆေးရုံတစ်ရုံနှင့်   အထကကျောင်းအတွက်   ကျောင်းဆောင်များ  ခွင့်ပြုချထားပေးခဲ့သလို    ပေ  ၁၅၀  ဖက်နံတံတားတစ်စင်း၊    ကျောက်တန်းမှ  ဖက်နံတံတားအထိ မြေလမ်း (၉/၆)မိုင်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ  ၄၀၅ ဒသမ ၄၈ သန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်သန်း ၄၀ဝ တို့ဖြင့် ကျောက်တန်းအပါအဝင် ကျေးရွာခုနစ်ရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ဟိုပုံးမြို့ထဲမှာ သာသနာ့လင်္ကာရ ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေးခဲ့သည်။ ဟိုပုံးမြို့မှ ဆီဆိုင်မြို့ဘက်သို့ ဦးတည်မောင်းနှင်လိုက်သောအခါ နမ့်ခုတ်သို့ရောက်သည်။ နမ့်ခုတ်မှာလည်း နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သန်း ၂၅၀ ပြည်သူလူထုထည့်ဝင်ငွေကျပ် သန်း ၃၀ဝ ဖြင့် နမ့်ခုတ်စံပြကျေးရွာ အပါအဝင် ကျေးရွာခုနစ်ရွာ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ၁၁၉ ဒသမ ၇၂ သန်းဖြင့်ကောက်ငင်းနှင့် ကောင်တန်ကျေးရွာများ လျှပ်စစ်မီးသွယ်တန်းပေးခဲ့သည်။ နမ့်ခုတ်စံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် စုစုပေါင်း ပိုက်လိုင်းအရှည် ၁၄ မိုင် သွယ်ယူ၍ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း နှစ်ကျောင်း၊ ကျန်းမာရေးဌာန နှစ်ခုအပါအဝင် နမ့်ခုတ်ကျေးရွာ ရပ်ကွက်ခြောက်ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ငါးရွာတို့အား သန့်ရှင်းသော သောက်သုံးရေဖြန့်ဝေပေးနိုင်ခဲ့ပါသည်

ဟိုပုံးမြို့နယ်ထဲမှာ၊ မဲနယ်တောင်တန်းပေါ်မှာ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုလုပ်ငန်းတွေ များစွာရှိနေပါသေးသည်။ နမ့်ခုတ်စံပြကျေးရွာအလွန်က နောင်မွန်နှင့် ဘန်းယဉ်ကျေးရွာများသည်လည်း ယခင်နှစ်ပေါင်းများစွာကတည်းက ရင်းနှီးကျွမ်းဝင်ပြီးသားမြို့ရွာများ ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ရောက်ရှိသွားသော ဆိုက်ခေါင်ကျေးရွာလေးကတော့ မြို့ဖြစ်ရန် အရှိန်ယူနေသော စံပြကျေးရွာတစ်ရွာအဖြစ် ကျွန်တော်မြင်မိပါသည်။ လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းသည်။ ဆိုက်ခေါင်ကို ဗဟိုပြုလျက် တောင်ဘက်တွင် ဆီဆိုင်၊ လွိုင်ကော်သို့လည်းကောင်း၊ မြောက်ဘက်တွင် ဘန်းယဉ်၊ ဟိုပုံး၊ တောင်ကြီးသို့ လည်းကောင်း၊ အရှေ့ဘက်တွင် မဲနယ်တောင်တန်းပေါ်ရှိ ကျေးရွာများသို့လည်းကောင်း ခရီးပေါက်နေပြီ ဖြစ်သည်။ ၂၄ နာရီ မီးလင်းသော ဓာတ်အားလိုင်းနှင့် ဆက်သွယ်ရေးလိုင်းများအပြင် နတလက ပင်မဆောင်ကို တာဝန်ယူဆောက်လုပ်ပေးခဲ့သော တိုက်နယ်ဆေးရုံ တစ်ရုံလည်း ရှိနေသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်သည်။

 

MS 002

 

ဆီဆိုင်မြို့ကိုဖြတ်ခဲ့သည်

ဆီဆိုင်မြို့ကို ဖြတ်သည့်အခါတိုင်း ကျွန်တော်အမြဲတစေ ငေးမောကြည့်ရှုမိသည်က ဆောက်လုပ်ရေးဝင်း အတွင်းမှ နှစ်ထပ်သစ်သားအိမ်ဟောင်းကြီး တစ်လုံးဖြစ်သည်။ ၁၉၈၂ ခုနှစ်က ရှေ့တန်းအမှတ်(၅၅) ခြေမြန်တပ်မ ဌာနချုပ်တပ်မမှူး ဗိုလ်မှူးကြီးဖုန်းမြင့် (ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြင့်-ငြိမ်း) နေထိုင်ခဲ့သော ရုံးအဆောက်အဦ ဖြစ်သည်။ ကျွန်တော်တို့က သူ၏ ကွန်မန်ဒိုတပ်ခွဲအဖြစ်မြို့အထက်နားဆီက ဘုရားကုန်းမှာ အခြေပြုခဲ့သည်။ ဒါကတော့ လွန်ခဲ့သည့်နှစ်ပေါင်း ၃၇ နှစ်လောက်က အမှတ်တရများ၊ ဆီဆိုင်နှင့်ပတ်သက်၍ အမှတ်တရ များစွာရှိနေပါသေးသည်။ ဆီဆိုင်အနောက်ဘက်လုံပနားရွာအနီး တိုက်ပွဲတွင် မိမိတို့တပ်ရင်း၊ တပ်ခွဲ (၄)မှ တပ်ခွဲမှူး (ဗိုလ်မှူး) ဗိုလ်ကြီးချစ်သွင်နှင့် စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး ရန်သူ ဗကပ ၁၀ ယောက်ကျ၊ တစ်ဦးဖမ်းမိ၊ ဒဏ်ရာရ ၁၃ ဦး လက်နက်မျိုးစုံ ခြောက်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။ တပ်ရင်းမှူး၏ တာဝန်ပေးချက်အရ ဗိုလ်ကြီးချစ်သွင်အား “သူရ” ဘွဲ့တင်ပေးသည့်စာတမ်းကို ဘန်းယဉ်သို့ရောက်ရှိစဉ် ကျွန်တော်ကိုယ်တိုင်ရေးသားခဲ့ရသည်။ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ဆီဆိုင်မြို့မှထွက်ခွာပြီး မကြာမီ နောင်ထော်ကျေးရွာလမ်းခွဲသို့ရောက်ရှိလာရာ နောင်ထော်ဆိုသည်မှာလည်း ရလလဖ အဖွဲ့ ဦးတာကလယ်တို့ ၁၉၉၄ ခုနှစ်၌ တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် ဌာနချုပ်အဖြစ်ထားရှိခဲ့သော နေရာတစ်ခု။ ယင်းကာလမတိုင်ခင်ကတော့ မဲနယ်တောင်တန်းကြီးပေါ်မှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်စစ်ကြောင်းများအတွက် ရိက္ခာပို့ပေးရာတွင် ဆုံရပ်သတ်မှတ်ထားသည့် တစ်ဝက်ပို့/ကြို နေရာဖြစ်သည်။ နောင်ထော်လမ်းခွ အလွန်က နောင်ရင်းဒုံကျေးရွာလေးကို ဖြတ်တော့လည်း ထိုရွာလေးအနီးမှာ တိုက်ပွဲကျဆုံးခဲ့သည့် စစ်သည်နုထွန်းနှင့် မဲမောင်တို့ကို သတိရမိသည်။

ထီးစဲခါး၊ တောင်ကွဲစေတီနှင့် ကြပ်ဂူ

ဆီဆိုင်နယ်ကိုလွန်ပြီး ရှမ်း/ကယား နယ်စပ်သို့ရောက်သည်။ နှုတ်ဆက်နေသော ရှမ်းပြည်နယ်ဆိုင်းဘုတ်နှင့် ကြိုဆိုနေသော ကယားပြည်နယ်ဆိုင်းဘုတ်တို့က ခံ့ညားထည်ဝါစွာ ကြိုဆိုနေကြသည်။ ထီးစဲခါးတွင် ရေတံခွန်အလှကို ခေတ္တဝင်ရောက်ကြည့်ရှုရင်း နားခဲ့သေး၏။ ထိုမှ လွိုင်လင်ကိုဖြတ်ပြီး လွိုင်ကော်သို့ ဝင်ရောက်ခဲ့ပါသည်။ လွိုင်ကော်မှာ မဖြစ်မနေ သွားရောက်ဖူးမြော်ဖြစ်ခဲ့သော ဘုရားတစ်ဆူရှိနေသည်။ သီရိမင်္ဂလာတောင်တော်ပေါ်မှ တောင်ကွဲစေတီပဲ ဖြစ်ပါသည်။ ထိုမှ ရှားတောမြို့သို့ သွားရာလမ်းအတိုင်း မိနစ် ၃၀ ခန့်သွားလိုက်လျှင် ကြပ်ဂူသို့ရောက်မည်ဖြစ်သည်။ ရောက်တုန်းရောက်ခိုက် ဂူထဲသို့ ပေ ၈၀ဝ လောက်အထိ ဝင်ရောက်ကြည့်ရှုလေ့လာခဲ့သည်။ လျှပ်စစ်မီးသွယ်တန်း ပြီးပါက ပို၍ရှင်းရှင်းလင်းလင်း လေ့လာနိုင်မည်ဖြစ်ပါသည်

ပန်ပက်ကျေးရွာ ပို၍ဖွံ့ဖြိုးစေဖို့

ကျွန်တော် လွိုင်ကော်ဒေသသို့ သွားရောက်ရသည့်အဓိကအကြောင်းရင်းမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စုအတွင်း နေထိုင်လျက်ရှိကြသော ကယန်း(ပဒေါင်) တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နေမှုများကို လေ့လာရေးသားတင်ပြရန် ဖြစ်ပါသည်။ တစ်ဖက်နိုင်ငံမှ မိမိဇာတိရပ်ရွာများသို့ ပြန်လည်ဝင်ရောက်လာကြသော ကယန်း(ပဒေါင်) တိုင်းရင်းသားများအတွက် နိုင်ငံတော်က လမ်းများ ဖောက်လုပ်ကာ ကတ္တရာခင်းပေးခဲ့သည်။ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးသွယ်တန်းပေးရေး လုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းစီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းကြောင့် ပန်ပက်ကျေးရွာအုပ်စုအတွင်း ကယန်းရွာလေးများတွင် နေထိုင်သူလူဦးရေ ယခင်ကထက် ပိုမိုများပြား လာခဲ့သည်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပစ္စည်းအရောင်းဆိုင်များ တိုးလာသည်။ ထိုထက်ပို၍ ခရီးသွား လုပ်ငန်းအတွက် အခြေခံကောင်းများ ရရှိစေရန်ဈေးဆိုင်တန်းများအနီးတွင် ကယန်းရိုးရာအိမ်လေးများ လေးလုံးခန့် ဆောက်လုပ်ပေးပြီး တေးဂီတများဖြင့်ဖျော်ဖြေခြင်း၊ ကယန်းရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်းများ ပြုလုပ်ပေးနိုင်လျှင် ပို၍ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ဒေသခံများက အကြံပြုကြသည်။ သွားလမ်းသာ၍ လာလမ်းသင့်သော၊ ၂၄ နာရီလျှပ်စစ်မီးရရှိနေသော ပန်ပက်ဒေသသို့ ကျွန်တော်နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိဦးမည်ဆိုပါလျှင် ယခုထက် ပို၍စည်ပင်ဖွံ့ဖြိုးနေပေလိမ့်မည်ဟု ယုံကြည်မိပါသည်။ ။

မြင့်စိုး(နတလ)