မော်တော်ယာဉ်အာမခံစာအုပ် ဘီးခွန်/လိုင်စင်/ အတုပြုလုပ်သူများဖမ်းဆီးရမိ 

နေပြည်တော် ၃၀  သြဂုတ် 

မန္တလေးတိုင်းဒေသကြီးအတွင်း ဘီးခွန်/လိုင်စင်/ အတုပြုလုပ်သူများကို အတုပြု လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ အဖွဲ့သည် အမရပူရမြို့နယ်၊ ထုံးဘို-မြစ်ငယ် တန်ပို စစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၂၈ ရက် ည ၇ နာရီက ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း မြစ်ငယ်ဘက်မှ ထုံးဘိုဘက်သို့ ဦးသန်းဇော် မောင်းနှင်လာသည့် ၆ ဘီးယာဉ်အား စစ်ဆေးရာ ဘီးခွန်အတု ပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် စိစစ်ရာ ပြည်ကြီးတံခွန်မြို့နယ်၊ နံသာ-တံခွန်တိုင် ရပ်ကွက်နေ ဦးစိုးနိုင်(ခ)စိုးနိုင်ဝင်းအား လိုင်စင်သက်တမ်းတိုးရန် ပေးအပ်ခဲ့ကြောင်း သိရသဖြင့် ဦးစိုးနိုင်(ခ)စိုးနိုင်ဝင်းအား မေးမြန်းစိစစ်ရာ ဘီးခွန်/လိုင်စင်/ဆက်စပ်ပစ္စည်းများနှင့် စာရွက်စာတမ်း ပြုလုပ်သူမှာ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျည်ကုန်းရပ်ကွက်နေ ဦးဝင်းအောင်(ခ)ဦးဝင်းပါ အမျိုးသား ၂ ဦးဖြစ်ကြောင်း သိရှိရ၍ ဦးဝင်းအောင်အား ပြည်ကြီးတံခွန်မြို့နယ်(ခ)ရပ်ကွက်ရှိ အောင်သူ လက်ဖက်ရည်ဆိုင်သို့ ချိန်းဆိုတွေ့ဆုံခဲ့ရာ ၎င်းလွယ်အိတ်အတွင်းမှ ဘီးခွန်စာရွက် အတု ၆ ရွက် ယာဉ်သက်သေခံလက်မှတ်အတု ၂ ခု၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် စာတမ်းပါ စာရွက်(အလွတ်) ၉ ခု၊ ခဲခြစ်စာရွက် ၁ ရွက်၊ ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဦးဝင်းအောင်(ခ)ဦးဝင်းပါ ၃ ဦး၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီတွင် မြစ်ငယ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြည်ကြီး တံခွန်မြို့နယ်နေ မိုးမခ(ခ)မိုးမင်း ပါ အမျိုးသား ၂ ဦးအား ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြ သာယာရပ်ကွက်ရှိ မန်းမြို့တော် လက်ဖက်ရည်ဆိုင်သို့ ချိန်းဆိုတွေ့ဆုံခဲ့ရာ ၎င်းတို့ထံမှ မန္တလေးမြို့တော် စည်ပင်သာယာရေး ဘီးခွန်ကဒ်အတု ၃ ခု၊ ဆိုင်ကယ် ၂ စီး၊ ယာဉ်မောင်း (ခ) လိုင်စင် အတု ၂ ခုနှင့် ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

မိုးမခ(ခ)မိုးမင်းပါ ၂ ဦး၏ ထွက်ဆိုချက်အရ အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသည့် ပူးပေါင်းအဖွဲ့သည်ချမ်းမြသာယာရပ်ကွက်၊ ကန်တော်မင်္ဂလာဘုန်းကြီးကျောင်းသို့ ဝင်ရောက်ရှာဖွေရာ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်နေ ခိုင်ဇော်ထွန်း(ခ)ဖက်တီးပါ အမျိုးသား ၃ ဦးအား ကွန်ပျူတာ ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ကာလာပရင်တာ ၁ လုံး၊ မီးစက် ၁ လုံး၊ စကင်စက် ၁ လုံး၊ ပလတ်စတစ်လောင်းစက် ၁ လုံး၊ ယာဉ်နံပါတ်ပြား ၁၁၅ ခု၊ မြန်မာ့အာမခံ လုပ်ငန်း တံဆိပ်ပါ စာအုပ်အသစ် ၁၃၅ အုပ်၊ သံသေတ္တာ ၁ လုံး၊ ယာဉ်မှတ်ပုံတင် စာအုပ်မျက်နှာဖုံး ၁၅ ခု၊ ယာဉ်မှတ်ပုံတင်စာအုပ် ၅ အုပ်၊ တံဆိပ်တုံး ၂ ခု၊ ဖလင်ပြား ၅ ချပ်၊ ကညနတံဆိပ်ပါစတစ်ကာ ၁ ခု၊ ရောင်စုံဆေးဘူး ၁၀ ဘူး၊ မန္တလေး/ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဘီးခွန်တံဆိပ်ပါစာရွက် ၄၅ ရွက်၊ ယာဉ်မောင်းလိုင်စင်အတု ၈ ခု၊ တွဲယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်အတု ၂၈ ခု၊ ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ် အတု ၆ ခု၊ ကုန်စည်စင်းလုံးငှားပို့ဆောင်ခွင့် ၅ ခု၊ ကုန်စည် ပို့ဆောင်ခွင့် (က)လိုင်စင် ၄ အုပ်၊ ကဒ်လောင်းပလပ်စတစ်ကတ် ၂ ဘူး၊ ဖုန်း ၂ လုံး၊ ကာလာပလင်တာမင် ၁၃ ဘူး၊ နံပါတ်ပြားဖိစက် ၁ ခု၊ အင့်ပက် ၁ ခု၊ တံဆိပ်တုံး ၁ ခု၊ ငွေ ကျပ် ၁၈၈၇၇၀ဝ ၊ မျက်နှာဖုံးတွင် အသုံးပြုသောစက္ကူ ၁၅ အုပ်၊ မျက်နှာဖုံးတွင် အသုံးပြုသော လယ်သာ သားရေတု ၁၀ ကိုက်ခန့် ၁ လိပ်၊ ဆိုင်ကယ် ၆ စီးတို့ကို ထပ်မံဖမ်းဆီးရ မိခဲ့သောကြောင့် ၎င်းတို့အား မြစ်ငယ်နယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

MDN