မြေအောက်ရေ စီမံခန့်ခွဲမှုဥပဒေကြမ်းနှင့် စက်ရေတွင်းရေသုံးစွဲသူများ

mdn

သတင်းဆောင်းပါး - မောင်ကျေးရေ

 

မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်ထုတ် မြန်မာ့ အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် နှစ်ရက်ဆက်ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။ မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်း၏ ပထမဆုံးစာကြောင်းမှာ“ ပြည်သူအများ လေ့လာသိရှိအကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်သည်။ အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်သည်”ဟု စကားဦး ဖွင့်ဆိုရေးသားထားသည်။

 

အင်မတန်ကောင်းသော အစီအစဉ်ဖြစ်သည်။ လွှတ်တော်၏ သဘောထား ကို စာရေးသူကတော့ ကြိုဆိုပါသည်။

 

မြန်မာနိုင်ငံတွင် စက်ရေတွင်းတူးဖော်ထုတ်ယူသုံးစွဲခြင်းလုပ်ငန်း အဝဝကို ဥပဒေမရှိ၊ အထိန်းအချုပ်မရှိ၊ သုံးစွဲသူနှင့် တူးဖော်သူနှစ်ဦး၊ နှစ်ဖက်သဘော တူဈေးနှုန်းဖြင့် လုပ်ကိုင်နေကြသည်မှာ နှစ်များစွာ ကြာခဲ့ပြီ ဖြစ်သည်။ တူးဖော်ကြရာတွင် ကန်ထရိုက်၊ အဆင့်မြင့်တိုက်အောက်မှာလည်း တူး၊ လှေကားအောက်မှာလည်း တူး၊ ရေမြောင်းပေါင်ခွဘူးလို့ တူး၊ လမ်းဘေးတူးလို့ တူး၊ စက်မှုလုပ်ငန်းခွင်များတွင်လည်းတွင်းကြီးများကို တွင်းတစ်တွင်းနှင့်တစ်တွင်း ပညာရပ်ဆိုင်ရာသတ်မှတ်ချက် အကွာအဝေးအတိုင်း တူးဖော်ခြင်းမရှိ စသည်ဖြင့် နေရာမျိုးစုံ၌ ပုံစံမျိုးစုံတူးဖော်နေကြသည်မှာ အားလုံးအသိပါ။ ဥပဒေထွက်ပေါ်လာမည်ဆိုလျှင်တော့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းအတိုင်း လုပ်ဆောင်ကြရတော့မည်။

 

မြေအောက်ရေထုတ်ယူသုံးစွဲရန်အတွက် စက်ရေတွင်းဖော် ရေတင်စက်တပ်ဆင်သည့်လုပ်ငန်းသည် သက်ဆိုင်ရာ ပညာရပ်များကို အခြေခံသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ထိုအပြင် စက်ရေတွင်းမှထွက်ရှိလာသော ရေကို သောက်သုံးရန် သင့် မသင့်၊ ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း၊ သောက်သုံးရန်သင့်တော်သည်အထိ သန့်စင်ရသည့် လုပ်ငန်းသည် ပညာရပ်ကို အခြေခံသည့်လုပ်ငန်း ဖြစ်ပါသည်။ ထို့အပြင် ရေထုတ်ယူ သုံးစွဲရာတွင်လည်း မိမိစက်ရေတွင်းမှတစ်ဆင့် ထွက်လာသည့် မြေအောက်ရေ ခိုအောင်းနေသော မြေအောက် ရေအောင်းလွှာ၏ အတိမ်၊ အနက်၊ အထူ၊ အပါး၊ ရေခိုအောင်းနိုင်သည့် ပမာဏ၊ ရေစိမ့်တာနှုန်း၊ ရေဂါလန်မည်၍မည်မျှကို ထုတ်ယူပါက မြေအောက်ရေမျက်နှာပြင် မည်၍မည်မျှ နိမ့်ကျသွားနိုင်သည် စသည့် အချက်အလက်များကို စမ်းသပ်တွက်ချက်ထားခြင်းမရှိဘဲ အလွန်အကျွံ ရေထုတ်ယူ သုံးစွဲနေကြခြင်းကြောင့် ရေငန်၊ ဒီရေအတက်အကျရှိသည့် ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်၊ လှိုင်မြစ်၊ ငမိုးရိပ်ချောင်း၊ ပဲခူးမြစ်ဘေး အနီးအနားဝန်းကျင် မြို့နယ်များ၊ မြို့သစ်များတွင် ယခုအခါ မြေအောက်ရေချိုထဲသို့ ရေငန် တိုးဝင်လာပြီး သောက်သုံး၍မရ ဖြစ်နေကြပြီ ဖြစ်သည်။

 

အခုမြေအောက်ရေဥပဒေကြမ်းကိုလည်း ပြည်သူများထံ အသိပေးထားပြီး ဖြစ်သည်။ စာရေးသူ၏အမြင်တွင် ဤဥပဒေကို ပြဋ္ဌာန်းပြီးပါက ဥပဒေ၏ အဓိပ္ပာယ်၊ သဘောသဘာဝ၊ ဆောင်ရန်၊ ရှောင်ရန်များကို တာဝန်ရှိသူများ (အုပ်ချုပ်သူနှင့် ပညာရှင်)က သက်ဆိုင်ရာနယ်မြေ၊ မြို့နယ်အလိုက် ရှင်းလင်း ဆွေးနွေးပညာပေးလုပ်ငန်းများကို ကနဦးလုပ်သင့်သည်ဟု ထင်မြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံအတွင်း မည်သည့်အရပ် ဒေသ၌မဆို သောက်သုံးရေကို ရေတွင်း၊ ရေကန်၊ ချောင်း၊ မြောင်းများမှ လွယ်လင့်တကူ ခပ်ယူသူသုံးစွဲသည့် အလေ့အကျင့်က အရိုးစွဲလာခဲ့ပြီ၊ စက်ရေတွင်းတူး၊ ရေထုတ်ယူသုံးစွဲလာခဲ့ကြသူများသည်လည်း မည်သည့် ခွင့်ပြုမိန့်၊ မည်သည့် အခွန်အခမျှ မပေးရဘဲ သုံးစွဲလာခဲ့ကြသည်မှာ နှစ်ကာလကြာ အတန်ကြာခဲ့ပြီဖြစ်သည်။

 

ယခုဥပဒေအတည်ပြုပြဋ္ဌာန်းပြီးသည့်အခါ မိမိအိမ်၊ စီးပွားရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်ရေတွင်းတူးဖော်လိုပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းသို့ လျှောက်ထားရမည်။ တူးဖော်ပေးမည့် တွင်းတူးအဖွဲ့ကလည်း တူးဖော်ခွင့်လိုင်စင်ရှိရမည်။ တူးဖော်ခွင့်ပြုမိန့်ကျပါမှ သတ်မှတ် ခွင့်ပြုသည့်နေရာ၌သာ တူးဖော်ရမည်။ သတ်မှတ်ကာလအတွင်း ပြီးအောင်တူးရမည်။ အကြောင်းအမျိုးမျိုးကြောင့် မပြီးပါက ကျိုးကြောင်းတင်ပြ ထပ်မံလျှောက်ထားရမည်။ စက်ရေတွင်းမှ ရေထွက်လာပြီဆိုပါကလည်း ပြဌာန်းထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း ရေနမူနာရယူပြီး သောက်သုံးရန် သင့်မသင့် သိရှိရန် ရေစမ်းသပ် စစ်ဆေးရပါမည်။ တတ်သိနားလည်သည့်ပညာရှင်က သောက်သုံးရန်သင့်တော်သည်ဟု မှတ်ချက်ပြုထားသော စမ်းသပ်သည့် အဖြေရပါမှ သောက်သုံးရန်အတွက် လိုအပ်သော ရေတင်စက်တပ်ဆင်ပြီး ရေထုတ်ယူ သုံးစွဲခွင့်ရမည် ဖြစ်ပါသည်။ သုံးစွဲသူနှင့် ရေတွင်းတူးသူများ၊ စိတ်ရှည်ဖို့တော့ လိုမည်ထင်ပါသည်။ အဘယ်ကြောင့် ဆိုသော် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများများနိုင်၍ အပိုကုန်ကျမှုများ ရှိလာနိုင်မည်။ ဤအခြင်း အရာများကို ဥပဒေပြဋ္ဌာန်းသည့် အာဏာပိုင် အဖွဲ့အစည်းက ကြိုတင်ကာကွယ်တားဆီးနိုင်မှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် အရေးယူမှုများ လုပ်ဆောင်ရန် စီစဉ်ထားသင့်သည်ဟု ယူဆပါသည်။

 

အခြား၊ အခြားသောဥပဒေ၊ စည်းမျဉ်း စည်းကမ်းများလည်း အခန်းပေါင်း (၁၀)ခန်းတွင် များစွာပါရှိပါသေးသည်။ ဥပမာ- “တူးဖော်ခွင့်ပြုထားသော စက်ရေတွင်း အရွယ်အစား၊ အရေအတွက်၊ သတ်မှတ်ခွင့်ပြုထားသည့် အချိန် အတိုင်းအတာနှင့် ထုတ်ယူသုံးစွဲခွင့်ပြုသည့် ရေပမာဏတို့ကို အခန်း(၁)(ပ) နှင့် အခန်း (၈)တို့၌ ဖော်ပြထား၏။” ထို့အပြင် အခန်း(၁၀)အထွေထွေ၊ အပိုဒ်(၃၁)တွင် “ ဗဟိုကော်မတီသည် စက်ရေတွင်းများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု ပမာဏကို တိုင်းတာရန် သင့်လျော်သော ရေမီတာစနစ်များ တပ်ဆင်ရန် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရမည်”ဟု ဖွင့်ဆိုထားမှုများကို နားလည်သလို ဆွေးနွေးခွင့်ပြုစေချင်ပါသည်။

 

အခန်း(၁)(ပ)၌ “အိမ်သုံးဆိုသည်မှာ တွင်းဝအချင်း ၂လက်မထက်မပိုသော  စက်ရေတွင်းမှ ထုတ်ယူသုံးစွဲခြင်း ကိုဆိုသည်”ဟု ဖွင့်ဆိုထားသည်။ သို့သော် အခန်း(၁၀)၊ အပိုဒ်(၃၁)အထက် ဖော်ပြထားသည့် စာကြောင်းအတိုင်း၊ ဆောင် ရွက်မည်ဆိုပါက အချို့သော အိမ်များတွင် လူဦးရေ များပြားခြင်းနှင့် လွန်ခဲ့သော နှစ် ၂၀ ကျော်ကကဲ့သို့ ကူဘိုတာနှင့် တွဲထားသော လေမှုတ်စက်အရွယ်အစား | အမျိုးမျိုးကိုတပ်ဆင်အသုံးပြုမှု အတော်နည်းလာပြီး အိမ်သုံးတွင်းကို ၄လက်မ တွင်းများသာ တူးလာကြပြီး ထိုစက်ရေတွင်း၌ ရေတင်စက်ကို ဆပ်မာဆေးဘဲပန့် (submersible pumps)အရွယ်အစားအသေးဆုံးဖြစ်သည့် ၃ လက်မအရွယ်ကို မိမိတွင်းမှ ရေထွက်နှုန်း အပေါ်အခြေခံ၍ တွင်းတူးဆရာ ရေတင်စက်ရောင်းသူနှင့် တိုင်ပင်ကာ (Single phase/ low speed motor) လျှပ်စစ်မော်တာ အသုံးပြု နေကြသည်က များပါသည်။ အနိမ့်ဆုံးရေထုတ်ယူနိုင်သည့်နှုန်းသည် တစ်နာရီ ရေဂါလန် ၅၀ဝ ဖြစ်သဖြင့် အိမ်သုံးအတွက် တစ်နာရီ ရေမောင်းတင်ရုံဖြင့် လူဦး ရေငါးယောက်မှ ၁၀ ယောက်ရှိ အိမ်တစ်အိမ်အတွက် အင်ဂျင်နှင့် တွဲထားသော  လေမှုတ်စက်ကဲ့သို့ ဆူညံသံမကြားရတော့ဘဲ ရေရရှိသဖြင့် သောက်သုံးရေ အတွက် စိတ်အေးချမ်းမှုကို ရနေကြ၏။

 

ယခုမြေအောက်ရေဥပဒေမူကြမ်းတွင် အိမ်သုံးခြင်းကို အခန်း(၁)(၂)၌ ဖော်ပြထားချက်အတိုင်း အချင်း ၂ လက်မထက် မပိုသော စက်ရေတွင်းသာ သုံးစွဲခွင့်ပြုထားသဖြင့် ရေတင်စက်၊ ဆပ်မာဆေးဘဲပန့် တပ်ဆင်ရန် အခက်အခဲရှိပြီး လူဦးရေများသည့်အိမ်အတွက် ရေပမာဏရလိုမှု စဉ်းစားစရာ ဖြစ်နေနိုင်ပါမည်။ အခြားတစ်ဖက်တွင်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများက တူးဖော်ပေးထားသည့်ကျေးလက်အခြေခံ တစ်နိုင်တစ်ပိုင်တွင်းများ၊ အခြေခံ လူတန်းစားများ၏ အိမ်တွင် မိမိတတ်နိုင်သည့် ငွေကြေးသုံးစွဲမည့် လူအင်အား အလိုက် လက်နှိပ်ဒုံများ တပ်ဆင်အသုံးပြုနေသည့် စက်ရေတွင်းများကိုလည်း ဥပဒေဘောင်အတွင်း မည်သို့စီစဉ် ဆောင်ရွက်သွားမည်ကိုလည်းထည့်သွင်း စဉ်းစားထားမည်ဟု ယူဆပါသည်။

 

ထို့အပြင် ရေမီတာစနစ် တပ်ဆင်မည့်ကိစ္စသည် မြေအောက်ရေထုတ်ယူ သုံးစွဲမှု ပမာဏကို တိုင်းတာ၍ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် ရေထုတ်ယူ သုံးစွဲသည့်ပမာဏ (Discharge)သိရန်အတွက်သာ ဆိုပါက စက်ရေတွင်း တူးဖော်ထားသူအနေဖြင့် စိတ်စနိုးစနောင့်ဖြစ်စရာ မရှိပေ။ ထိုသို့ မဟုတ် ရေသုံးစွဲမှုနှုန်း ကောက်ခံမည့်သဘောရှိပါက ရေတွင်းတူး၊ ရေထုတ်သုံးစွဲသူ များကို နားလည်သဘောပေါက်စေရန် ဥပဒေတွင် ရှင်းရှင်းလင်းလင်း လိုမည်ထင်ပါသည်။

 

ယခုရေတင်စက်၊ ဆပ်မာဆေးဘဲပန့်တပ်ဆင်ထားသော အိမ်များသည် မိမိအတိုင်းအတာအလျောက် ထုတ်ယူလိုသည့် ပမာဏ (Fix Yield) ကို ရေထွက်ပိုက်ထိပ်မှာ ဂိတ်ဘားခံပြီး မိမိထုတ်ယူလို သလောက်ကို ဂိတ်ဘာ (ate bar)ကိုအသေချိန်ပြီး သုံးစွဲနေကြပါပြီ။ သို့ပါ၍ ဤကဲ့သို့သော အိမ်တွင်း များအတွက် ရေမီတာတပ်ဆင်ရန်မလိုဘဲ ရေနေ့စဉ်ထုတ်ယူသည့် ပမာဏ (Discharge)ကို အာဏာပိုင်အဖွဲ့အစည်းက သိရှိမှတ်တမ်း တင်နိုင်မည်ဟု စာရေးသူ ယူဆပါသည်။ အိမ်သုံးတွင်းကိုလည်း ၄ လက်မနှင့် ၄ လက်မ အောက်အရွယ် တူးဖော်ခွင့်ပြုသင့်သည်ဟု ယူဆမိပါသည်။

 

ဤဥပဒေကြမ်းတွင်(သို့) ဤဥပဒေအောက်တွင် ဆက်လက်ပြဋ္ဌာန်းမည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ နည်းစနစ်များ ရေးဆွဲရာမှာ မြေအောက် ရေ ထုတ်ယူသုံးစွဲသူအများအတွက် အကျိုးရှိစေမည့်၊ ပညာရပ်ဆိုင်ရာ သုတေ သန လုပ်ငန်းများ လုပ်ကိုင်သူများအတွက်လည်း တိကျမှန်ကန်သော ကိန်းဂဏန်းများ ရရှိစေမည့်လုပ်ငန်းတစ်ခုဖြစ်သည့် စက်ရေတွင်းတူးနည်းပညာ ရေထွက်နှုန်းကောင်းအောင်ပြုလုပ်ရမည့် နည်းစနစ် လုပ်ကိုင်ပုံစည်းစနစ် များကို အရည်အသွေးထိန်းချုပ်(Quality Control)သည့် အနေဖြင့် ထည့်သွင်း သင့်သည်ဟု စာရေးသူ တွေးဆမိပါသည်။ အဘယ်ကြောင့်ဆိုသော် စက်ရေ တွင်းတူး လောကတွင် စက်ရေတွင်းတူးပုဂ္ဂလိက လုပ်ငန်းလုပ်ကိုင်နေကြသူ အများစုသည် တွင်းတူးပညာကို လုပ်ရင်းကိုင်ရင်း သိနားလည်ကြသည့်သူများ၊ လုပ်ကိုင်နေကြသူများသာဖြစ်ပြီး မမြင်ရသော မြေအောက်ရေခိုအောင်းလွှာ၊ သဲကြောရှာရင်း တူးပေနက်သွားခြင်း၊ ဒီနှစ်တူးနောက်တစ်နှစ်၊ နှစ်နှစ်နေ ရေမထွက်၊ အသစ်ထပ်တူးနှင့် သံသရာလည်နေသည်ကိုကြားသိနေရပါသည်။ ထိုအဖြစ်မျိုးမှလည်း ဝေးစေမည် ဖြစ်ပါသည်။ စာရေးသူ နားလည်တတ်သိ ထားသည်မှာ စနစ်တကျ တူးဖော်ထားသည့် စက်ရေတွင်း တစ်တွင်းသည် ရာသီဥတု၊ သဘာဝဘေးအန္တရာယ် မကျရောက်ပါက အနည်းဆုံး ငါးနှစ်၊ အများဆုံး ၁၀ နှစ်သက်တမ်းကာလကြာ အသုံးပြုနိုင်ပါသည်။ စဉ်းစားမိသည့် အချက်တစ်ခုမှာ အခန်း(၁၀) အထွေထွေ၊ အပိုဒ်(၃၇)၌ ရေးသား ထားသည်မှာ “လုပ်ငန်းလိုင်စင်၊ တူးဖော်ခွင့်ပြုမိန့်၊ သုံးစွဲခွင့်ပြုမိန့် တို့မှ ရရှိသည့် အခါ ကြေးငွေများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ္ဍာရန်ပုံငွေ သို့ ပေးသွင်းရမည်"ဟု ဖော်ပြထားသည်။ မှန်ပါသည်။ ဖြစ်သင့်ပါသည်။

 

စာရေးသူနားလည်သည်မှာ ဤဥပဒေသည် ပြည်တွင်းအခွန်ကောက်ခံသည့် ဥပဒေကဲ့သို့ စက်ရေတွင်း တူးဖော်အသုံးပြုသူများထံက အခွန်ဘဏ္ဍာရရှိရေးကို အဓိကထားသည့်ဥပဒေမဟုတ်ဘဲ မြေအောက်ရေကို စနစ်တကျ ထုတ်ယူသုံးစွဲပြီးမြေအောက်ရေ အစဉ်သန့်စင်နေစေရေး၊ နှစ်စဉ်မြေအောက်ရေ မည်မျှ ထုတ်ယူသုံးစွဲသည်။ မိုးရေက မည်မျှပြန်လည်ဖြည့်တင်းသည်၊ မြေအောက်ရေမည်မျှဖြစ်တည်နေသည်များကို သိရှိရန်နှင့် ဘဏ္ဍာငွေရရှိရေးကို တစ်တန်းတည်းထား ဆောင်ရွက်သည့်ဥပဒေဖြစ်သင့်သည်ဟု ယူဆပါသည်။ သို့မဟုတ်ပါက မိမိအိမ်၊ လုပ်ငန်းအတွက် စက်ရေတွင်းတူးလိုသူက သတ်မှတ် ထားသည့် ငွေကြေးပေးဆောင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရေမထွက်ပါက အစိုးရဌာန၊ အဖွဲ့အစည်းလည်း လိုအပ်သော မြေအောက် ရေဆိုင်ရာအချက်အလက် ကိန်းဂဏန်း မှတ်တမ်းမှတ်ရာများ မရရှိသလို စက်ရေတွင်လည်း မအောင်၊ ဖွတ်မရ ဓားမဆုံးဖြစ်မည်။ ထိုသို့မဖြစ်အောင် စီစဉ်ဆောင်ရွက်နိုင် ပါက ပိုကောင်းမည်ဟု ထင်ပါသည်။

 

ဤမြေအောက်ရေဥပဒေသည် မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်နေ သော ဥပဒေဖြစ်ပါသည်။ ယခုအခါရာသီဥတုဖောက်ပြန်ပြောင်းလဲနေမှုများ သည် လစဉ်၊ နှစ်စဉ် ဖြစ်ပျက်နေပါသည်။ ဖြစ်တည်နေသည့် ရေအရင်းအမြစ် များ(မြေပေါ်ရေ၊ မြေအောက်ရေကို သောက်သုံးရေအတွက် အစဉ်သန့်စင် တည်ရှိနေဖို့ အရေးကြီးသည့်အချိန်ကာလ ရောက်နေပါပြီ။

 

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် နိုင်ငံများတွင် လွန်ခဲ့သောနှစ် ၄၀ ကျော်ကတည်းက မြေအောက်ရေဥပဒေ ပြဋ္ဌာန်းပြီး စည်းမျဉ်း စည်းကမ်းနှင့်အညီ ထုတ်ယူအသုံးပြုနေကြပါပြီ။ လိုအပ်သည်ဟု ယူဆရသည့် အချက်အလက်များကို ဆောင်ရွက်ကာ ဥပဒေကြမ်းမှ ပြီးပြည့်စုံသည့် ဥပဒေဖြစ်လာမည်ဟု ယူဆမျှော်လင့်ပါ၏။ ထိုသို့ဖြစ်ပါက သားရွှေအိုးထမ်းလာသည့် ကိန်းဆိုက်ပါမည်။ သုံးစွဲသ ူလည်း စိတ်ချမ်းသာ၊ အာဏာပိုင်အဖွဲ့အစည်းကလည်း မမြင်ရသည့် မြေအောက်ရေ ဆိုင်ရာ အချက်အလက်များ ပြည့်ပြည့်စုံစုံရရှိမည်ဖြစ်ပေသည်။

 

မြန်မာနိုင်ငံ ရေအရင်းအမြစ်များကဏ္ဍတွင် လစ်လပ်နေသော အုပ်တစ်ချပ်ကို ထည့်သွင်းပေးခြင်းဖြင့် ပြီးပြည့်စုံသော ရေအရင်းအမြစ် အဆောက် အအုံတစ်ခု ပေါ်ထွန်းလာမည်ဖြစ်သဖြင့် မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကို ကြိုဆိုလိုက်ရပါသည်။