ဒေါက်တာပပဝင်း

ဉာဏ်ပညာဖြင့် ချစ်တတ်ကြပါစေ။ အထူးသဖြင့် ရွေးချယ်၍မရသော၊ ရွေးချယ်ရန်မလိုအပ်သော သဘာဝတရားကြီးမှ စေတနာ၊ မေတ္တာတရားများနှင့်ပေးအပ်ထားသည့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ချစ်တတ်ရန် လိုအပ်ပါသည်။ မိမိကိုယ်ကို ချစ်ရမည်ဆိုသည်မှာ စိတ်ချမ်းသာစွာ၊ ကျန်းမာသက်ရှည်စွာ နေထိုင်သွားနိုင်ရန် ကြိုးစားခြင်းဖြစ်ပါသည်။ “အသက်ကို ဉာဏ်စောင့်” ဟူသည့်စကားပုံအတိုင်း မိမိ၏အသက်ကို မိမိ၏ဉာဏ်ပညာသည်သာလျှင် စောင့်ရှောက်ပေး သည့်အတွက် အတွေးအခေါ်၊ အမြော်အမြင်မြင့်မားအောင် လေ့လာကျင့်ကြံရမည်ဖြစ်ပါသည်။

မိမိ အသက်ရှည်ကျန်းမာစွာနေနိုင်ရန်အတွက်မှာလည်း သဘာဝက ပေးအပ်ထားသော မိမိပတ်ဝန်းကျင်တစ်ခွင် ကျန်းမာနေစေရန် လိုအပ်ပါသည်။ အပြန်အလှန်သဘောအရ သဘာဝပတ်ဝန်းကျင် ကျန်းမာနေမှသာလျှင် မိမိတို့ကျန်းမာစွာ နေနိုင်မည်ဖြစ်သည့်အတွက် မိမိ၏ပတ်ဝန်းကျင်ဖြစ်သော မြေထု၊ လေထု၊ ရေထုကို ထာဝရ လတ်ဆတ်ကျန်းမာနေစေရန် မည်သို့ဆောင်ရွက်သင့်သည်ကို အမြဲတွေးတော လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။ အထူးသဖြင့် စိုက်ပျိုး ရေးလုပ်ငန်းများလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသူများက မိမိတို့စိုက်ပျိုးနေသည့် မြေဆီလွှာ၏ကျန်းမာရေးကို အထူးအလေး ထားပေးရမည်ဖြစ်ပါသည်။ မြေဆီလွှာမှ လူတို့အတွက် အစာ၊ တိရစ္ဆာန်အစာများအတွက် စိုက်ပျိုးထုတ်ယူနေပြီး မိမိတို့အနေဖြင့် မြေစာပြန်မကျွေးဘဲထားမည်ဆိုပါက မျှတမည်မဟုတ်ပါ။

မြေဆီလွှာ

မြေဆီလွှာဆိုသည်မှာ အပင်များရှင်သန်ကြီးထွားမှုအတွက် အဓိက မရှိမဖြစ်လိုအပ်သော ရေနှင့် အပင်အာဟာရဓာတ်များ ဖြည့်ဆည်းပေးရန် သတ္တုဓာတ်၊ မြေဆွေးဓာတ်၊ ရေ၊ လေတို့ဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ရှိ အပေါ်ယံအလွှာပါး လေးဖြစ်ပါသည်။ မြေဆီလွှာထုသည် မြေအမျိုးအစားကိုလိုက်၍ နှစ်လက်မမှ ၁၀ လက်မအထိရှိနိုင်သော်လည်း အများအားဖြင့် ငါးလက်မခန့်ရှိပါသည်။ အဆိုပါအလွှာပါး တစ်လက်မဖြစ်တည်လာရန် အတွက် နှစ်ပေါင်း ၅၀၀ ခန့်ကြာမြင့်သည်ဟု သိရှိရပါသည်။

မြေဆီလွှာကျန်းမာရေး

မြေဆီလွှာကျန်းမာရေးဆိုသည်မှာ သက်ရှိဂေဟစနစ်အတွင်း အပင်၊ လူနှင့် တိရစ္ဆာန်များ ကမ္ဘာပေါ်တွင် ရေရှည်တည်တံ့စွာ မှီတင်းနေထိုင်နိုင်ရန်အတွက် မြေဆီလွှာ၏ စွမ်းဆောင်နိုင်မှုဖြစ်ပါသည်။ မြေဆီလွှာ ကျန်းမာရေးအားနည်းစေသည့် အဓိကအကြောင်းရင်း များမှာ ရာသီဥတုပြောင်းလဲလာခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ဓာတုမြေဩဇာများကဲ့သို့သော ဓာတုသွင်းအားစုများ လွန်ကဲစွာအသုံးပြုခြင်း၊ အပင်အာဟာရဓာတ် များ မျှတစွာ ထည့်သွင်းအသုံးမပြုခြင်း၊ မြေဆီလွှာအား အနားမပေးဘဲ စဉ်ဆက်မပြတ် စိုက်ပျိုးနေခြင်း၊ စိုက်ပျိုးရေများကို လိုအပ်သည် ထက်ပို၍ ထည့်သွင်းအသုံးပြုခြင်းနှင့် စက်ရုံ၊ အလုပ်ရုံနှင့် သတ္တုတွင်းများမှ စွန့်ပစ်ပစ္စည်းများ စနစ်တကျ မစွန့်ပစ်ခြင်းအစရှိသည်တို့ ကြောင့် ဖြစ်ပါသည်။

မြေဆီလွှာ အားနည်းယိုယွင်းခြင်း အမျိုးအစားများ

မြေဆီလွှာအားနည်းယိုယွင်းခြင်းတွင် ရုပ်ဂုဏ်သတ္တိ အားနည်း ယိုယွင်းခြင်း၊ ဓာတုဂုဏ်သတ္တိအားနည်းယိုယွင်းခြင်းနှင့် ဇီဝဂုဏ်သတ္တိ အားနည်းယိုယွင်းခြင်းဟူ၍ အမျိုးအစားသုံးမျိုးရှိပါသည်။ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ အားနည်းယိုယွင်းလာပါက မြေဆီလွှာသိပ်သည်းလာခြင်း (မြေကျပ်လာခြင်း)၊ ရေဝပ်ခြင်းနှင့် အပေါ်ယံမြေဆီလွှာ ဆုံးရှုံးခြင်း စသည်တို့ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ မြေဆီလွှာ၏ ဓာတုဂုဏ်သတ္တိ အားနည်းယိုယွင်းလာပါက အော်ဂဲနစ်ဓာတ်ပါဝင်မှု လျော့နည်းလာခြင်း၊ မြေဆွေးဓာတ်များလျော့နည်းလာခြင်း၊ မြေချဉ် လာခြင်း၊ မြေငန်လာခြင်း၊ ဆား/ဆပ်ပြာပေါက်လာခြင်း အစရှိသည့် မြေဆီလွှာပြဿနာများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများ ပျက်စီးယိုယွင်းလာပါက ဇီဝဂုဏ်သတ္တိလည်း အားနည်းယိုယွင်းလာပြီး မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများ၏ စွမ်းဆောင်ရည်နှင့် ပွားများနိုင်မှုစွမ်းရည် လျော့နည်းလာခြင်းတို့ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။

မြေဆီလွှာကျန်းမာရေးယိုယွင်းခြင်းကို ကာကွယ်ပေးနိုင်သည့် အချက်များ

သစ်စိမ်းမြေဩဇာပင်များ (ဥပမာ - ညံပင်၊ ပိုက်ဆံလျှော်ပင်၊ ပဲလွမ်း) စိုက်ပျိုး၍ အပင်ကြီးထွားမှုအကောင်းဆုံးအချိန် မြေမြှုပ်ပေးခြင်းနှင့် သီးထပ်သီးနှံပုံစံများတွင် ပဲမျိုးစုံသီးနှံကို အလှည့်ကျထည့်သွင်းစိုက်ပျိုးခြင်း၊

စိုက်ပျိုးရေးလုပ်ငန်းမှ ရရှိသည့်ဘေးထွက်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်း(ဥပမာ- စပါးခွံ၊ ပြောင်းရိုး (ဘိုင်အိုချာ ပြုလုပ်ခြင်း)၊ နှမ်းရိုးနှင့် ပဲမှော်များထည့်သွင်းခြင်း၊

ဇီဝမြေဩဇာများအသုံးပြုခြင်း - မြေဆွေး၊ ပဲမြစ်ဖုဇီဝ မြေဩဇာနှင့် Trichoderma တို့ သုံးစွဲခြင်းနှင့် ဘက်စုံအာဟာရစီမံခန့်ခွဲအသုံးပြုခြင်း စသည်တို့ဖြစ်ပါသည်။

သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်း

မြေဆီလွှာ ကျန်းမာရေးနှင့် စိုက်ပျိုးရေးဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းရန် သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းသည် အရေးပါသော လုပ်ကိုင်ဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။ စိုက်ပျိုးသူ တောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်နှင့် စိုက်ပျိုးမြေများ၏ မြေသားဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေသည့် နိုက်ထရိုဂျင်ဖြည့်တင်းပေးသည့် သစ်စိမ်းမြေ ဩဇာပင်များ (ဥပမာ- ပိုက်ဆံလျှော်၊ ညံပင်၊ ပဲမျိုးရင်းဝင်များ) စိုက်ပျိုးခြင်းကို တောင်သူများ လက်တွေ့အသုံးချ စိုက်ပျိုးသင့်သကဲ့သို့ စိုက်ပျိုးပင်သီးနှံအကြွင်းအကျန်များကို သင့်လျော်သည့်အစီအမံများ ပြုလုပ်၍ စနစ်တကျထည့်သွင်းပေးခြင်း၊ သဘာဝမြေဆွေးပြုလုပ် ထည့်သွင်းနည်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မှတ်ချက်။ ဤတွက်ချက်မှုပမာဏတို့သည် မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိတို့၏ လှုပ်ရှားဆောင်ရွက်မှုများ၊ အပင်မှရယူနိုင်မှု၊ မြေ၏အပူချိန်နှင့် ရာသီဥတုများအပေါ်မူတည်၍ အာဟာရဓာတ်ရရှိမှု ကွာခြားနိုင်ပါသည်။ စိုက်ပျိုးရာသီ၊ နေ့တာအတိုအရှည်အလိုက် အပင်ဖြစ်ထွန်းမှုအပေါ်မူတည်၍ ထွက်ရှိသော သစ်စိမ်းပမာဏကွာခြား နိုင်ပါသည်။

ကောက်ရိုး၊ ပြောင်းရိုးတို့အား ပြန်လည်အသုံးချခြင်း

ကောက်ရိုးအပါအဝင် အပင်အကြွင်းအကျန်များကို သီးနှံပင် ရိတ်သိမ်းပြီးနောက် စိုက်ပျိုးမြေအတွင်း ပြန်လည်ထည့်သွင်း ခြင်းဖြင့် သစ်ဆွေးဓာတ်ပါဝင်မှုတိုးလာကာ မြေဆီလွှာ အာဟာရဓာတ်နှင့် သီးနှံထုတ်လုပ်မှုကို တိုးတက်စေပါသည်။ စိုက်ပျိုးမြေများတွင် သစ်ဆွေးဓာတ်ပါဝင်မှု သုံး-ငါးရာခိုင် နှုန်းရှိလျှင် ကောင်းမွန်သော်လည်း မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေအများစုတွင် သစ်ဆွေးဓာတ် နှစ်ရာခိုင်နှုန်းအောက်ထိ နည်းပါးလာသည်ကို တွေ့ရှိရပါသည်။

ဘိုင်အိုချာ(ဥပမာ-ပြောင်းရိုးဘိုင်အိုချာ)သည် သဘာဝ စွန့်ပစ်ပစ္စည်းများနှင့် သီးနှံအကြွင်းအကျန်များကို အပူပေး လောင်ကျွမ်းစေခြင်းမှ ရရှိလာသော ကာဗွန်ဓာတ်ကြွယ်ဝ သည့် ကွန်ပေါင်းတစ်ခုဖြစ်ပြီး မြေဆီအာဟာရဓာတ်ကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

ဘိုင်အိုချာကိုအသုံးပြုခြင်းဖြင့် အာဟာရဓာတ်ဆုံးရှုံးမှုတို့ကို လျော့နည်းစေနိုင်ပြီး စပါးစိုက်ပျိုးရာတွင် မြေခံအဖြစ် ထည့်သွင်းအသုံးပြုနိုင်သည်။

ဘိုင်အိုချာကို သင့်တော်သော ဓာတ်မြေဩဇာများနှင့်ရောစပ် အသုံးပြုခြင်းဖြင့် သီးနှံကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။

စပါးခွံဖွဲပြာထည့်သွင်းအသုံးပြုခြင်း

မြေချဉ်ဓာတ်လွန်ကဲသော မြေဆီလွှာအမျိုးအစားတွင် စပါးခွံများကို အလွန်အကဲလောင်ကျွမ်းသွားအောင် မီးရှို့ ခြင်းမပြုဘဲ မဲသွားစေရုံသာ မီးလောင်စေ၍ ရရှိလာသည့် ထိုစပါးခွံဖွဲပြာကို တစ်ဧကလျှင် ငါးတန်နှုန်း ထည့်ပေးခြင်းဖြင့် စပါးသုံးတင်း ပိုထွက်စေပါသည်။

စပါးခွံဖွဲပြာကို တစ်ဧက ငါးတန်နှုန်း သုံးကြိမ်ဆက်တိုက် ထည့်သွင်းသုံးစွဲပါက မြေ၏ချဉ်ငန်ဓာတ်မှာ ၄ ဒသမ ၈၃ မှ ၅ ဒသမ ၂၄ အထိ တိုးလာ၍ မြေသားဖွဲ့စည်းမှုကောင်းစေ ကာ အပင်စားသုံးနိုင်သော ဖော့စ်ဖိတ်နှင့် ပိုတက်ဆီယမ် ဓာတ်တို့လည်း တိုးလာနိုင်ပါသည်။

နှမ်းရိုးများထည့်သွင်းခြင်း

စပါးစိုက်ခင်းများအတွင်း၌ နှမ်းရိုးများထည့်သွင်းပြီး ရေမြှုပ်ပေးလိုက်ရုံဖြင့် နှမ်းရိုးအတွင်းမှရှိသော ပိုတက် ဆီယမ်ဓာတ်များမှာ အပင်စားသုံးနိုင်သည့်ပုံစံ ပြောင်းလဲ ထွက်ရှိလာနိုင်ပြီး စပါးပင်များမှ တိုက်ရိုက်စုပ်ယူစားသုံးနိုင်ပါသည်။ ထိုသို့တိုက်ရိုက်အသုံးမပြုဘဲ နှမ်းရိုးများကို အမှုန့်ကြိတ်ပြီး ထည့်သွင်းပေးနိုင်ပါက မီသိန်းထွက်ရှိမှု လျော့နည်းစေကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး စေမှုလျော့ပါးသောကြောင့် ပိုမိုကောင်းမွန်ပါသည်။

ပဲသီးနှံပါဝင်သော သီးနှံပုံစံထည့်သွင်းစိုက်ပျိုးခြင်း

မြန်မာနိုင်ငံတွင် မြေတစ်နေရာတည်း၌ နှစ်စဉ် စပါးပြီးစပါး ဆက်တိုက်စိုက်ပျိုးလာခြင်းကြောင့် မြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များ လျော့နည်းလာပါသည်။ ထို့ကြောင့် လယ်သမားများ၏ဝင်ငွေ ပိုမိုတိုးတက်စေရန်နှင့် မြေဆီလွှာ အာဟာရဓာတ်ထိန်းသိမ်းရန်အတွက် စပါးစိုက်ပျိုးအပြီး ပဲသီးနှံအား သီးထပ်စိုက်ပျိုးပေးသင့်ပါသည်။ (ဥပမာ - စပါး-ပဲ-စပါးသီးနှံပုံစံတွင် မိုးစပါးအပြီး မိုးနှောင်းတွင်စိုက်ပျိုးခဲ့သော ပဲသီးနှံ၏ အရိုးအမှော်များ‌ မြေတွင်ပြန်လည် ထယ်ထိုးမြေမြှုပ်ခြင်းသည် နွေစပါးအတွက် အထောက် အကူဖြစ်စေပြီး မိုးနှောင်းတွင် မြေလှပ်ထားခြင်းထက် စပါးအထွက် သုံးရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်း ပိုနိုင်ပါသည်။)

လေထုထဲမှ နိုက်ထရိုဂျင် ဖမ်းယူနိုင်မှု

ပဲတီစိမ်း         - ၅.၁၂ ကီလိုဂရမ်/ဟက်တာ/နှစ်

ပဲစင်းငုံ          - ၁၅.၀၈ ကီလိုဂရမ်/ဟက်တာ/နှစ်

ပင်ထောင်မြေပဲ - ၄၂.၉၈ ကီလိုဂရမ်/ဟက်တာ/နှစ်

အကျိုးပြုအဏုဇီဝမြေဩဇာများနှင့် မြေဆွေးအသုံးပြုခြင်း

ပဲမြစ်ဖုဇီဝမြေသြဇာ (Rhizobium Bio-fertilizer)

ပဲမြစ်ဖုဇီဝမြေဩဇာဆိုသည်မှာ ပဲမျိုးရင်းဝင် အပင်များ၏ အောက်မြစ်များတွင်နေထိုင်ပြီး လေထုထဲရှိ နိုက်ထရိုဂျင်ဓာတ်ကို အပင်မှ စားသုံးနိုင်သောအခြေအနေသို့ ပြောင်းလဲပေးသော ရိုင်ဇိုဘီယံ (Rhizobium) အကျိုးပြု ဗက်တီးရီးယားများကို သီးသန့်မွေးမြူ ထုတ်လုပ်ထားသည့် သဘာဝဇီဝမြေဩဇာတစ်မျိုးဖြစ်ပါသည်။ ဈေးနှုန်းသက်သာ၍ သုံးစွဲရလွယ်ကူသည့် ပဲမြစ်ဖုဇီဝမြေဩဇာများကို ပဲပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကို အကျိုးရှိစွာ ဖြည့်ဆည်းပေးနိုင်ရန်၊ မြေဆီလွှာမှ နိုက်ထရိုဂျင်လျော့ပါးမှုကို ကာကွယ်ရန်၊ ပဲသီးနှံအပြီး ဒုတိယသီးနှံအတွက် အကျိုးပြုစေရန်နှင့် သဘာဝအရင်းအမြစ်များ ပျက်စီးမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ကာကွယ်ရန် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပေးသင့်ပါသည်။

အသုံးပြုနည်း

-        သုံးစွဲရာ၌ အရိပ်အောက်တွင် သက်ဆိုင်ရာပဲမျိုးအလိုက် မှန်ကန်သော မြေဩဇာထုပ်များကို မိမိသုံးစွဲလိုသည့် မျိုးစေ့များပေါ်သို့ ဖြူးချပေးပြီး ရေကိုစွတ်စိုရုံမျှထည့်ကာ နှံ့အောင် လူးနယ် မွှေပေးရပါမည်။

-        လူးနယ်ပြီးမျိုးစေ့များကို အရိပ်အောက်တွင်ထား၍ စိုက်ပျိုး ရန် အသင့်ပြင်ထားသော စိုက်ကြောင်းများအတွင်း ချက်ချင်း မျိုးစေ့ချပြီး မြေဖုံးပေးရပါမည်။

-        ပဲမြစ်ဖုဇီဝမြေဩဇာသုံးစွဲရာတွင် မြေခံအဖြစ် တီစူပါ ၅၆-၁၁၂ ပေါင်/ဧကနှင့် ပိုတက်ရှ် ၂၈-၅၆ ပေါင်/ ဧကတို့ ထည့်သွင်းပေးခြင်းဖြင့် မြစ်ဖုဖြစ်ပေါ်မှု ပိုမိုကောင်းမွန်ပြီး ပဲမျိုးအလိုက် ၂၇-၄၈ ရာနှုန်းအထိ အထွက်တိုးစေပါသည်။

ထရိုင်ခိုဒါးမားမှို (Trichoderma)

ထရိုင်ခိုဒါးမားမှိုသည် သီးနှံမြေဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းပေးနိုင်သော အဏုဇီဝ သက်ရှိမှိုတစ်မျိုးဖြစ်ပြီး အပင်အမြစ် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ပါသည်။ အင်ဇိုင်းအမျိုးမျိုးနှင့် အပင်ကြီး ထွားမှုကိုအားပေးသော ပဋိဇီဝပစ္စည်းများ ထုတ်နိုင်ပါသည်။ ခါးရိရောဂါများ၊ မြစ်ခြောက်ဆွေးရောဂါများ၊ ပင်ညှိုးရောဂါများနှင့် ပင်ရင်းပုပ်ရောဂါ အစရှိသည့်ရောဂါများကို ကာကွယ်နိုင်ပါသည်။

အသုံးပြုနည်း

-        တစ်ဧကလျှင် ထရိုင်ခိုဒါးမားမှိုမျိုးထုပ် ၁၀ ထုပ် အသုံးပြုရ မည်ဖြစ်ပါသည်။

-        ထရိုင်ခိုဒါးမားမှိုမျိုးထုပ် ၁၀ ထုပ်အား ဖွဲနု ငါးပြည်နှင့်ရောစပ် ၍ သမအောင်မွှေရပါမည်။

-        နွားချေး နှစ်တင်း သို့မဟုတ် မြေဆွေး နှစ်တင်းအား ဖွဲနုရော ထားသော ထရိုင်ခိုဒါးမားမှိုကို အစိုဓာတ်အနည်းငယ်ဖြင့် သမအောင်ရောစပ်၍ မွှေပေးရပါသည်။ ထို့နောက် ပလတ် စတစ်ဖြင့်လုံအောင် ဖုံးအုပ်ထားပေးရပါသည်။ တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့်ကြာ၍ မှိုမျှင်များတွေ့ရလျှင် အသုံးပြု ၍ရပြီဖြစ်ပါသည်။

-        မြေပြင်ချိန်တွင် ကြဲပက်၍ (သို့မဟုတ်) စိုက်ကြောင်းအတွင်း ဖြူးချပြီး ချက်ချင်းမြေပြန်ဖုံးပေးရန် လိုအပ်ပါသည်။

အကျိုးကျေးဇူးများ

-        သီးနှံများတွင် ကျရောက်တတ်သော မြေဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ခြင်း၊

-        အပင်ကြီးထွားမှုကို အားပေးနိုင်ခြင်း၊

-        လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို မြေဆွေးပုံပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် လျင်မြန်စွာ ဆွေးမြည့်စေနိုင်ခြင်း၊

-        ဓာတုဆေးများသုံးစွဲမှုကို လျော့ကျစေနိုင်သဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေဘဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်ခြင်း။

ဆက်လက်ဖော်ပြပါမည်။